'' မင်းဗာဘုရင် တည်ထားခဲ့သည့် ဂူကိုးလုံး၏ တည်နေရာများ "
🏯🏯🏯🏯🏯🏯🏯🏯🏯🏯🏯🏯🏯
မြောက်ဦးခေတ် တန်ခိုးအာဏာစက်ကြီးမားသော ဘုရင်မင်းဗာကြီး
နန်းတက်သည့်အခါ ကုသိုလ်တော်အဖြစ် ကျောက်တောင်များကို ဂူထွင်း၍
လှိုဏ်ဂူကြီးကိုးလုံး၌ ဘုရားတည်ခဲ့သည်။ ၎င်းတို့မှာ . . .
(၁)#ကျောက်တစ်လုံးဂူ၊
(၂)#နတ်တောင်ပြင်ဂူ၊
(၃)#တောင်ညိုဂူ၊
(၄)#ကြိမ်ခွေမော်ဂူ၊
(၅)#ဂူဝဂူ၊
(၆)#ဇီးကိုင်းဂူ
(၇)#ကူတောင်ဂူ၊
(၈)#နိုင်ငံတောင်ဂူ၊
(၉)#ပိုးရှီပြင်ဂူတို့ ဖြစ်သည်။
(၁)#ကျောက်တစ်လုံးဂူ
==============
ကျောက်ဖြူမြို့မှ ကားမိုင် ၃မိုင် ၃ဖာလုံအကွာ ကျောက်စွယ်တစ်ခု၏
မြောက်ဖက်မျက်နှာစာတွင် ထွင်းထုတည်ထားသည်။ မူလက တစ်ဂူတည်းသာ ဖြစ်သော်လည်း
နောင်တွင် ကုသိုလ်ပွားယူကြသဖြင့် ဂူပေါက်များလာလေသည်။ယခု ဂူအရှည်မှာ( ၃၉၄
)ပေရှိပြီး ဂူပေါက် ( ၅၄ ) ပေါက် ရှိသည်။
(၂)#နတ်တောင်ပြင်ဂူ
=============
ပေါက်တောမြို့၏ မြောက်ဖက်အနီးတွင် တည်ရှိသည်။ကျောက်သားနုလှသဖြင့်
လက်ရာကောင်းမွန်ခြင်း မရှိပါ။ ယခုအခါ လမ်းဖေါက်လုပ်ရန်အတွက်
အစိုးရကိုယ်တိုင် ဂူ၏အနီးဝန်းကျင်ရှိ ကျောက်တောင်ကို
မိုင်းခွဲမှုများပြုလုပ်နေသည် ။
(အရေးထား ပြုပြင်ထိန်းသိမ်းသင့်ပါသည်)
(၃)#တောင်ညိုဂူ
===========
ပေါက်တောမြို့နယ်၊ တောင်ရင်းအရပ်တွင် တည်ရှိသည်။ပေါက်တောမြို့မှ အနောက်ဖက်
လေးမိုင်အကွာ ၂၂၄ပေမြင့်သော သီးခြားတောင်လွတ် ကျောက်တောင်ကြီး
ဖြစ်သည်။အနောက်ဖက်နံရံ၌ ပေ၁၆၀အရှည်တွင် ဂူပေါက်(၄၂)ပေါက်ကို
ထွင်းထုထားသည်။ဂူများထဲတွင် ဆင်းထုတော် ကြီး/ငယ် (၆၈)ဆူ
ကိန်းဝပ်နေကြသည်။မူလက ဂူတစ်ဂူတည်းသာ ဖြစ်သည်။ဤဂူကို စိတ္တရလင်္ကာ
လက်သမားငါးရာတို့က ထွင်းထုခဲ့သည်ဆို၏။
(၄)#ကြိမ်ခွေမော်ဂူ
============
တောင်ရင်းကျွန်း၏ အနောက်ဖက်ခြမ်း ကြိမ်ခွေမော်ရွာတွင် တည်ရှိသည်။
ဤဂူအနီးရှိ တောကျောင်းတွင် `မဟာကျန်´ ဆင်းထုတော်တစ်ဆူ ကိန်းဝပ်လျှက်
ရှိပါသည်။
(ဤဂူသို့်သွားရောက်ဖူးပါသည်။ ပြုပြင်ထိန်းသိမ်းမှု အားနည်းသဖြင့် ပျက်စီးမှုများ ဖြစ်နေပါပြီ။အရေးထား ပြုပြင်ထိန်းသိမ်းသင့်ပါသည်)
(၅)#ဂူဝဂူ
=======
ပုဏ္ဏားကျွန်းမြို့ အရှေ့ဖက်နှစ်မိုင်ခန့်အကွာ၊ ကုလားတန်မြစ်၏ လက်ဝဲကမ်းရှိ
တောင်/မြောက် တန်းနေသော ကျောက်စွယ်ကို ဂူကျောင်းအဖြစ် မင်းဘာကြီးက
စတင်တည်ခဲ့သည်။နှောင်းခေတ်တွင် ထပ်မံကုသိုလ်ပြုကြသဖြင့် ဂူပေါက်(၁၁)ပေါက်ထိ
ဖြစ်လာသည်။ ဂူမျက်နှာစာအရှည် ( ၈၃ ) ပေရှိကာ၊ ဂူလမ်းအရှည်မှာ ( ၇၄ )
ပေရှိသည်။အချို့ဂူပေါက်တို့တွင် `တံကဲ´လက်ရာများ ပါရှိသည်။မြောက်ဖက်အနီး
တောင်ထိပ်ပေါ်တွင် စမြုံတော်စေတီ ကိန်းဝပ်သည်။
(၆)#ဇီးကိုင်းဂူ
=========
ဇီးကိုင်းဟုလည်း ရေးကြသည်။ဇကိုင်းရွာသည် မစဲကျွန်း၏ အရှေ့တောင်ပိုင်းတွင်
တည်ရှိသည်။ ရွာ၏အနောက်ဖက်တောင်တန်းတွင် မင်းဘာကြီးတည်ထားသည့် ဂူတစ်လုံး
ရှိသည်။ ယခင်က လူသူမသိသော်လည်း ယခုခေတ်မှာ ဘုရားဖူးသွားရောက်သူ / လေ့လာသူ
သုတေသီများ ရောက်ရှိကြောင်း သိရသည် ။
(၇)#ကူတောင်ဂူ
===========
ကူတောင်ရွာ၏ မြောက်ဖက်တွင် တည်ရှိသည်။ ဂူဝများမှာ အရှေ့သို့
မျက်နှာပြုထားသည်။ ဂူမျက်နှာစာတွင် ပန်းနွယ်ပန်းခက်များ၊
ကျေးငှက်သာရကာများနှင့် ဗြဟ္မာတို့က ပူဇော်နေကြပုံများ
ထုဆစ်ထားသည်။ဂူကျောင်း(ဝ) သုံးခုရှိပြီး စုစုပေါင်း ( ၄၅ ) ပေမျှ
ရှည်လျားသည်။ထိုင်တော်မူ (၃၁)ဆူကိန်းဝပ်လျှက် ရှိသည်။ မြောက်ဖက်ဂူမှာ
အဓိကကျပြီး ဘုံပိတ်မျက်နှာကြက်နှင့် နံရံကပ်ကျောက်တိုင် သရုပ်ဖော်လက်ရာများ
ပါရှိသည်။
မူလကုသိုလ်ရှင်မှာ မင်းဘာကြီးဖြစ်ပြီး ( ၁၅၅၃ )ခုနှစ်
လေးဆူသော ရုပ်ပွားဆင်းထုတော်ကို တည်ခဲ့သည်။ ဤဂူကို ဒဏ္ဍာရီသမိုင်း၌ စိတ္တရလင်္ကာ
လက်သမား၅၀၀သည် တစ်ညဉ့်တည်းနှင့် အပြီးထုဆစ်ခဲ့ကြသည်ဟု အဆိုရှိသည်။
(၈)#နိုင်ငံတောင်ဂူ
============
ဝရိုက်တော်(ဦးရာဇ်တောင်ဓာတ်)စေတီ၏ အနောက်ဖက်အနီးရှိ `နိုင်ငံတောင်´တောင်တန်းတွင် တည်ရှိသည်။ဂူပေါက် တစ်ပေါက်သာ ရှိပါသည်။
(၉)#ပိုးရှီပြင်ဂူ
=========
ပိုးရှီပြင်ရွာအနီးရှိ ဂူပေါက်တစ်ပေါက်တည်းရှိ ဂူဖြစ်ပါသည်။ပိုးရှီပြင်သည်
ပုဏ္ဏားကျွန်းမြို့နယ်ဝင် ဖြစ်ကာ၊ တောဖျားချောင်း၏ လက်ဝဲကမ်း၊
ချောင်းဝမှဝင်လျှင် လေးမိုင်ခန့်အကွာတွင် တည်ရှိသည့် ရွာကြီးတစ်ရွာ
ဖြစ်ပါသည်။
(ဤပိုစ့်ကို ဖတ်ရှူမိသူများတွင် ဖော်ပြပါဂူများ၏
ဓာတ်ပုံများရှိပါက မည်သည့်ဂူဖြစ်ကြောင်းကို ရေးသားဖော်ပြရင်း
ဖိုတိုကွန်မန့် ပေးခဲ့ကြပါ။ အောင်လှသိန်း၏ ရခိုင်သုတအဘိဓာန်စာအုပ်မှ
မျှဝေပါသည်။)
Credit…
No comments:
Post a Comment