(အမိအဖအား ရည်းစူး၍ ) ဆိုသော ရေးထိုးသည့် ဓလေ့အစ ရခိုင်ဝေသာလီက
******************************************************
===================================
မောင်ဖြူ (ကြွီတဲကျွန်း)
...
မြန်မာနိုင်ငံသည် ရှေးယခင်ကပင် ဗုဒ္ဓဘာသာထွန်းကားခဲ့သော နိုင်ငံတစ်ခုဖြစ်သည်မှာ အထူးချဲ့ကားရေးရန် မလိုတော့ပေ။ ဗုဒ္ဓဘာသာဝင်များပီပီ အလှူရေစက် လက်နှင့်မကွာ နေ့စဉ်နေ့တိုင်း မနက်ကိုဆွမ်း ညရေချမ်း အိမ်တွင်းကုသိုလ်ပြုကြသည့်အပြင် သာသနာတော် အဓွန့်ရှည်တည်တံ့စေရန် သာသနာရေးဆိုင်ရာ ဘာသာ ရေုးဆိုင်ရာ အဆောက်အဦး ဘုရားကျောင်းကန်များတွင်လည်း မိမိတို့တတ်နိုင်သလောက် ပါဝင်လှူဒါန်းကြ သည်ကို နေရာတိုင်းရာ တွေ့မြင်ရမည် ဖြစ်ပါသည်။
အလှူရှင်ပုဂ္ဂိုလ်များသည် လှူဒါန်းရာတွင်လည်း မိမိတို့ပြုသော ကုသိုလ်ကောင်းမှုသည် သံသရာမှလွတ် မြောက်ရာ လွတ်မြောက်ကြောင်းဖြစ်သော နိဗ္ဗာန်ကိုရည်မှန်း၍ လှူဒါန်းကြသည်ကိုတွေ့မြင်ရမည်ဖြစ်ပါသည်။
ထိုအပြင် အလှူရှင်ပုဂ္ဂိုလ်သည် မိမိပြုသော ဒါနကုသိုလ်ကောင်းမှုကို ရှေးသံသရာက တော်စပ်ခဲ့ဘူးသော အမိအဖများအားလည်းကောင်း၊ ယခုဘ၀ကွယ်လွန်သွားသော နှစ်ဖက်သောမိဖများလည်းကောင်း အမျှရကြ စေရန် ရည်မှန်း၍ ပြုလုပ်ကြသည်ကိုတွေ့ရပါသည်။
ထိုအပြင် သက်ရှိထင်ရှားရှိနေသော အမိအဖများကို ဦးထိပ်ထား၍လည်း လှူဒါန်းကြသည်ကိုတွေရပေသည်။ အများအတွက်ကိုယ်ကျိုးစွန့်သူ၊ အများအကျိုးဆောင်ရွက်သူ၊ လေးစားထိုက်၊ဂုဏ်ပြုထိုက်သူများကို ဦးထိပ် ထား၍လည်း ကုသိုလ်ကောင်းမှုပြုလုပ်ကြသည်ကို တွေ့ရပါမည်။
ဤသို့ မိမိတို့ပြုလုပ်သော ကုသိုလ်ကောင်းမှုကို (အမိအဖတို့အား ဦးထိပ်ထား၍လည်းကောင်း၊ ) ( အမိအဖတို့အား ရည်စူး၍လည်းကောင်း) အမျှရကြစေရန် ရေးထိုးမှတ်တင်တင်သော ဓလေ့သည် မည်သည့်အချိန်က စတင်ခဲ့ကြသည်ကို အတိအကျ ပြောရန်မှာ ခက်ခဲ့လှပေသည်။ တွေ့ရှိရသမျှသော ကျောက်စာအထောက်အထားများဖြင့် ပြောရမည်ဆိုလျှင် အေဒီ ၄ ရာစုမှ အေဒီ ၆ ရာစု တွင် ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားသော ရခိုင်ဝေသာလီပြည်သူပြည်သားများ ရေးထိုးခဲ့ကြသော ကျောက်စာများ သည် အစောဆုံးဟု မှတ်ယူနိုင်ပါသည်။ ရခိုင်ဝေသာလီခေတ် ထွန်းကားခဲ့စဉ်က ရေးထိုးခဲ့ကြသော သံတွဲငလွမ်း မော်ကျောက်၊ ဝေသာလီပထမခေါင်းလောင်စာ၊ ဝေသာလီဒုတိယခေါင်းလောင်းစာတို့ကို သက်သေထား၍ ဆောင်းပါးတွင် တင်ပြသွားပါမည်။
ငလွမ်းမော်ကျောက်စာ၊ ဝေသာလီပထမခေါင်းလောင်စာ၊ဝေသာလီဒုတိယခေါင်းလောင်းစာပုံ(အောက်)
ငလွမ်းမော်ကျောက်စာ၊ ဝေသာလီပထမခေါင်းလောင်စာ၊ ဝေသာလီဒုတိယခေါင်းလောင်းတို့တွင် ပါသော အက္ခရာများဖြစ်ပါသည်။ ပါဠိ သက္ကတ ရောနှောထိုးထားသည်။ အောက်ပုံ
အစပုံသည် အေဒီ ၄ - ၆ ရာစုထိုး သံတွဲငလွမ်းမော်ကျောက်စာပါ အလှူရှင်နှစ်ဦးသည် သူတို့၏ ပြုသမျှသော ကုသိုလ်ကောင်းမှုကို အမိအဖများအား ရကြစေရန် ရည်စူး/ရည်မှန်း၍ ပြုလုပ်သော ကျောက်စာတစ်ချပ်ဖြစ် ပါသည်။ ထိျုေကျာက်စာတွင်ရေး ထိုးပါ ရှိသော (မာတာပိတ=အမိအဖ) ဆိုသည့် စာလုံးကို အနီရောင်ဖြင့် ရေးသားဖေါ်ပြထားပါသည်။
ဝေသာလီ ပထမခေါင်းလောင်းစာ
*******************************
ဤခေါင်းလောင်းပါစာသည် အေဒီ ၆ ရာစုထိုး ဝေသာလီပထမခေါင်းလောင်းစာဖြစ်ပါသည်။ ထိုခေါင်းလောင်းကို ကျောက်စာဝန် ဦးစံရွှေဘုက ဝေသာလီမြို့ဟောင်းအနီးမှ ရရှိခဲ့သော ခေါင်းလောင်းဖြစ်ပါသည်။ ပတ်လည် (၁၈) လက်မရှိပြီး အမြင့်မှာ ၉ လက်မလောက်ရှိပါသည်။ ခေါင်းလောင်းပတ်လည်တွင် စာနှစ်ကြောင်းရေးထိုးပါရှိသည်။ ထိုဝေသာလီပထမခေါင်းလောင်းစာတွင်လည်း အလှူရှင်သည် ကုသိုလ်ကောင်းမှုပြုလုပ်ရာ၌ အမိအဖ နှင့် ဆရာသမား တို့အား ဦးထိပ်ထား၍ ပြုလုပ်သော ကုသိုလ်စာ ဖြစ်သည်ကိုတွေ့ရပါသည်။ ဤကျောက်စာတွင် (မာတာပိတ=အမိအဖ)နှင့် (အာစရယျ=ဆရာ) ဆိုသော စာလုံးများကို တွေ့မြင်ရမည်ဖြစ်ပါသည်။
ဝေသာလီဒုတိယ ခေါင်းလောင်းစာ
********************************
ဤ ဝေသာလီဒုတိယ ခေါင်းလောင်းငယ်ကို ဝေသာလီမြို့ဟောင်း အပေါင်တော်စေတီမှ 1973 ခုနှစ်က ရရှိခဲ့ခြင်းဖြစ်ပါသည်။ ခေါင်းလောင်းမှာ အမြင့်၁၁ စင်တီမိတာရှိပြီး ၂ ပေါင်ကျော်လေးသည်ဟု သိရသည်။ အချင်းမှာ ၉.၉ စင်တီရှိသည်။ ဤခေါင်းလောင်းပတ်လည်တွင်လည်း စာကြောင်းနှစ်ကြောင်းရေးထိုးပါရှိသည်။ အကြောင်းအရာမှ အထက်ကဆိုခဲ့သည့်အတိုင်း (မာတာပိတြော=အမိအဖ) အား ရည်းစူး၍ ပြုလုပ်သော ကောင်းမှုကုသိုလ်ပြုခေါင်းလောင်းစာဖြစ်ပါသည်။ဤ ခေါင်းလောင်းပါ အက္ခရာများသည် ဝေသာလီကြေးနီပြားစာပါ အက္ခရာများနှင့်တူနေပေသည်။ဘာသာမှာ ရှေးဟောင်းသက္ကတဘာသာဖြစ်ပါသည်။ ဤခေါင်းလောင်းပါစာ အဓိပ္ပါယ်ကို အတိအကျ မည်သူမျှ မဖေါ်ထုတ်နိုင်သေးဟု ရေးသားထားသည်ကို တွေ့ရပါသည်။ ရေးထိုးသောသက္ကရာဇ်ကို အိန္ဒိယ ရှေးဟောင်းသုတေသနဌာန၏ ခန်းမှန်းချက်အရ အေဒီ ၆ ရာစုဝန်ကျင်ထိုး ခေါင်းလောင်းစာဖြစ်သည်ဟု ဆိုထားသည်ကိုတွေ့ရသည်။ (မာတာပိတြေား=အမိအဖ)ကို အနီရောင်ဖြင့် ပြသထားပါသည်။(အောက်ပုံ)
ယနေ့ မြန်မာနိုင်ငံမြေပေါ်တွင် နေထိုင်ကြသော ဗုဒ္ဓဘာသာဝင်များသည် မိမိတို့ ပြုလုပ်သော ကုသိုလ် ကောင်းမှုများကို အမျှရကြစေရန် (မာတိပိတ=အမိအဖ)အား ဦးထိပ်ထား၍ (၀ါ) ရည်စူး၍ ရေးထိုးသော အလေ့အထ၊ဓလေ့ထုံးတမ်းသည် လွန်ခဲ့သော နှစ်ပေါင်း ( ၁၅၀၀) ၀န်းကျင်ခန့်က ရခိုင်ဝေသာလီမှ စတင် ရေးထိုးနိုင်ခြေရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
မောင်ဖြူ(ကြွီတဲကျွန်း
16.8.2018 /10း21 PM
ကျမ်းကိုး
ဦးစံသာအောင် ၊ အေဒီ ၆ ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံးအက္ခရာများ
No comments:
Post a Comment