Wednesday, December 4, 2019

ရခိုင်ဝေသာလီ၌ နန်းသုံးဘာသာစကားမှာ ပါဠိဘာသာဖြစ်ကြောင်း ဒင်္ဂါးသက်သေ


===========================================
3.12.19
ရခိုင်ဝေသာလီခေတ်မှ မင်းများကို ဗြဟ္မဏအယူရှိသော သီဝနတ်မင်းကို ကိုးကွယ်သောမင်းများဖြစ်သည်ဟု ပြောဆိုရေးသားကြသည်။ နောက်တစ်ခါ
ဝေသာလီခေတ်က မင်းများ ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့သည်ကို ကမ္ဗည်းတင် ရေးထိုးခဲ့သော ယေဓမ္မာဂါထာပါကျောက်စာများ၌ သက္ကတစာလုံးများ အနည်းငယ် ရောနှောပါနေသောကြောင့် မဟာယာနဗုဒ္ဓဘာသာကို ကိုးကွယ်သောမင်းများဖြစ်သည်ဟု ရေးသားဖေါ်ပြကြသည်။ ရှေ့နောက်မညီ လိုရာဆွဲကာ ပြောကြသည်။
ယင်းအဆိုများ မှားကြောင်းကို အကောင်းဆုံးချေဖျက်နိုင်သော အထောက်အထားမှာ ဓမ္မစန္ဒြမင်း ဒင်္ဂါးပါ မင်းအမည်အက္ခရာနှင့် ၊ အာနန္ဒစန္ဒြမင်းကျောက်စာပါ ဂြီဓမစန္ဒြမင်း အမည်ပင် ဖြစ်သည်။
အေဒီ 3-ရာစုလောက်မှ အေဒီ 10 လောက်ထိ သက္ကတစာပေသည် အိန္ဒိယတိုက်နယ်ဒေသတစ်ခုလုံးနှင့် အရှေ့တောင်အာရှ၌ အလွန်ထွန်းကားလွှမ်းမိုးနေသော အချိန်ဖြစ်သောကြောင့် ရခိုင်ဝေသာလီခေတ်တွင်လည်း သက္ကတစာပေလွှမ်းမိုးမှုရှိသည်ကို ငြင်းမရပေ။ ယင်းခေတ်ယင်းအချိန်က သက္ကတစာပေတတ်မှ လူရာဝင်သည်။ ပြည်ပတိုင်းပြည်များနှင့် စာတစ်တန်၊ ပေတစ်တန် ဆက်ဆံကြရ၊ ရေးကြရမည်ဆိုလျှင် သက္ကတဘာသာဖြင့် ရေးမှ ခေတ်မီသည်အထိ ဖြစ်လေသည်။ ထိုကြောင့် ဝေသာလီပြည် မင်းနှင့်ပြည်သူများသည်လည်း သက္ကတစာပေကို လိုက်စားခဲ့ကြကြောင်းကို ထိုဒေသမှ တွေ့ရှိရသည့် ကျောက်စာများက မှန်ကန်ကြောင်း သက်သေခံနေသည်။
သို့သော်လည်း ပါဠိစာပေကို မစွန့်လွှတ်ကြောင်း သက်သေပြစရာများကလည်း များစွာရှိနေကြောင်းတွေ့ရသည်။
ဥပမာအနေဖြင့် ထုတ်နှုတ်တင်ပြရသော်

၁။ ပါဠိဘာသာဖြင့် ရေးထိုးထားသော (၀ီရစန္ဒြ) မင်းဒင်္ဂါးပါ အက္ခရာ ၊
၂။ ပါဠိဘာသာဖြင့် ရေးထိုးထားသော (ဓမ္မစန္ဒြ) မင်းဒဂ်ါးပါ အက္ခရာ ၊ တို့ဖြစ်သည်။
သက်ဦးဆံပိုင်ဘုရင်စနစ်ခေတ်တွင် မင်းအမည်သည် အလွန်အရေးကြီးသော အခန်းကဏ္ဍရှိမည်မှာ မလွဲဧကန်ဖြစ်၏။ ထို အလွန်အရေးကြီးသည့် အခန်းကဏ္ဍ၌ရှိသော မင်းအမည်ကို တိုင်းပြည်၌အသုံးပြုရန် မင်းမြှောက်ဘိသိက်ခံယူသည့်အခါ ခပ်နှိပ်သော ဒင်္ဂါးများ၌် သက္ကတဘာသာဖြင့် မရေးထိုးဘဲ ပါဠိဘာသာဖြင့် ရေးထိုးသောကြောင့် နန်းသုံးဘာသာစကားမှာ (ဓမ္မစန္ဒြ) (၀ီရစန္ဒြ) ဟူသော စကားရပ် အထောက်အထားအရ ပါဠိဘာသာဖြစ်ကြောင်း သိသာထင်ရှားစေသည်။
ယင်းဒင်္ဂါးများပါ ပါဠိဘာသာဖြင့် ရေးထိုးထားသော မင်အမည်များကို ကျောက်စာတွင် ရေးထိုးဖေါ်ပြကြရာတွင် ဒေသတစ်ခုလုံး နားလည်းသဘောစေရန် (၀ါ) ပြည်တွင်းပြည်ပမှလည်း နားလည်စေရန် သက္ကတဘာသာဖြင့် ရေးထိုးကြသည်ကိုအောက်ပါအတိုင်းတွေ့ရသည်။
၁။ ဒင်္ဂါး၌ ပါဠိဘာသာဖြင့် ရေးထိုးထားသော (၀ီရစန္ဒြ) အမည်ကို ၊ အာနန္ဒစန္ဒြမင်းကျောက်စာတွင် (၀ီရယစန္ဒြ) ဟူ၍ လည်းကောင်း၊
၂။ ဒင်္ဂါး၌ ပါဠိဘာသာဖြင့် ရေးထိုးထားသော (ဓမ္မစန္ဒြ) အမည်ကို ၊ အာနန္ဒစန္ဒြမင်းကျောက်စာတွင် (ဓရမစန္ဒြ )ဟူ၍လည်းကောင်း ၊
သက္ကတဘာသာဖြင့် ရေးထိုးထားသည်ကိုတွေ့ရသည်။
ထို့ကြောင့် ရခိုင်ဝေသာလီခေတ်တွင် ပြည်တွင်း၌ ပါဠိဘာသာကို အသုံးပြုပြီး ၊ အာနန္ဒစန္ဒြရေးထိုးခဲ့သော သင်္ဂါယနာတင်ခြင်းဆိုင်ရာ မော်ကွန်ကျောက်စာလိုမျိုးကို ပြည်ပတိုင်းပြည်များမှ လူများနားလည်နိုင်စေရန် ဒေသတစ်ခုလုံး၌ အသုံးပြုသော သက္ကတဘာသာဖြင့် ရေးထိုးကြခြင်း ဖြစ်ကြောင်း တွေ့ရသည်။

မောင်ဖြူ (ကြွီတဲကျွန်း)

ကိုးကား
ဦးစံသာအောင် ၊(1975)အာနန္ဒစန္ဒြရှစ်ရာစုရခိုင်ဝေသာလီမင်း
ဝီရစန္ဒြမင်းဒင်္ဂါးစာ၊
ဓမ္မစန္ဒြမင်းဒင်္ဂါးစာ၊

No comments:

Post a Comment