Saturday, May 23, 2020

အမေးရှိလျှင် အဖြေရှိမည်။


အမေးရှိလျှင် အဖြေရှိမည်။
******************
 

မေး။ (အာနန္ဒစန္ဒြကျောက်စာကို
မင်းသုံးပါးက နှစ်နှစ်ရာစီခြားရေးထိုးခဲ့တယ်လို့ သိရပါတယ်။ အာနန္ဒစန္ဒြမင်းအပြင်တခြား ဘယ်မင်းတွေ ရေးထိုးခဲ့သလဲ ဆိုတာကို ရှင်းလင်စွာ ဖြေကြားပေးပါ ။

          
အာနန္ဒစန္ဒြမင်းကျောက်စာတိုင်သည်  လေးမျက်နှာရှိသောကျောက်စာတိုက်ဖြစ်ပါသည်။ ယခု သျှစ်သောင်းဘုရား တက်လမ်း လှေကားမုခ် ဘယ်ဘက်၌ရှိနေသည့် ယခု အနေအထား အတိုင်းဆိုလျှင် အရှေ့၊ အနောက်၊ မြောက်ဖက်တွေမှာ ကျောက်စာတွေရေးထိုးထားပါသည်။
တောင်ဘက်တွင် ကျောက်စာရေးထိုးထားခြင်းမရှိပါ။

အရှေ့ဘက်မျက်နှာစာတွင်ရေးထိုးထားသောကျောက်စာ၌ စာကြောင်းရေ ၁၀၀ ခန့်ရှိပါသည်။ နှစ်ပြောင်းမြောက်များစွာ မိုးထဲလေထဲမှာ ပစ်ထားခဲ့မှုကြောင့် အရှေ့ဘက် ကျောက်စာများသည် ရာသီဥတုဒဏ်များကြောင့် ဖတ်မရလောက်အောင် ပြုန်းတီးပျက်စီးနေသည့်အတွက် အရှေ့ဘက် မျက်နှာစာပါ ကျောက်စာများကို မည်သည့်မင်း ရေးထိုးခဲ့သည်ဟု အတိအကျမသိနိုင်ပါ။

ရှေးက ဤကျောက်စာတိုင်ကိုလေ့လာခဲ့သော သုတေသီများသည် အရှေ့ဖက်ကျောက်စာပါ အက္ခရာပုံသဏ္ဍာန်များကို ကြည့်ပြီး (အေဒီ ၆ ရာစု) မှာ ရေးထိုးခဲ့သည်ဟု  ခန့်မှန်းကြသည်။


(၂) အာနန္ဒစန္ဒြမင်းကျောက်စာတိုင် အနောက်ဘက်မျက်နှာစာ၌ ဂါထာ(၆၅)ပုဒ် နှင့် အောက်ခြေတွင် ဂါထာမဟုတ်သော စာကြောင်းရေ (၂) ကြောင်းပါရှိသည်။ အနောက်ဘက်မျက်နှာစာတစ်ခုလုံး၌  စာကြောင်းရေ စုစုပေါင်းသည် (၇၃)ကြောင်းပါရှိသည်။ ဂါထာမဟုတ်သော ထိုအောက်ဆုံးမှ စာကြောင်းရေ(၇၃) သည် အာနန္ဒစန္ဒြမင်းကျောက်စာ ရေးထိုးခဲ့သည့် ခုနှစ်သက္ကရာဇ်ကို ရေးထိုးထားသောစာကြောင်းဖြစ်ပေသည်။

အာနန္ဒစန္ဒြမင်းကျောက်စာတိုင်ကို လေ့လာခဲ့ကြသော ရှေ့ကသုတေသီများက  အနောက်ဖက် မျက်နှာစာကို အိန္ဒိယမှ ယသောဝါရမန်ကျောက်စာပါ အက္ခရာ လက်ရေးလက်သားများနှင့် ဆင်တူနေ သောကြောင့်  ယင်းကျောက်စာနှင့် မရှေးမနှောင်း (အေဒီ ၈ ရာစု) အစပိုင်းမှာ ရေးထိုးခဲ့သည်ဟု ခန်းမှန့်ခဲ့ကြသည်။
 ဤသို့ခန်းမှန်းခဲ့ကြခြင်းမှာ ကျောက်စာအောက်ခြေ စာကြောင်းရေ (၇၃)ပါ (ဧကာဒဂ့ါမဗ္ဒေ- ၁၁ခုနှစ်) ကို မဖော်ထုတ်နိုင်ခဲ့သောကြောင့်ဖြစ်သည်ဟု ယူဆရသည်။

 အာနန္ဒစန္ဒြမင်းကျောက်စာ  အနောက်ဖက်မျက်နှာစာတွင် ရေးထိုးနှစ်ကို ကျောက်စာ၏အောက်ခြေ စာကြောင်းရေ (၇၃) တွင် (ဧကာဒဂ့ါမဗ္ဒေ-၁၁ ခုနှစ်) ဟု ရေးထိုးပါရှိသည်။ ယင်းကို ခရစ်နှစ်ပြောင်းလျှင် (အေဒီ ၆၄၉ ခုနှစ်)ဖြစ်ပြီး၊ သာသနာနှစ်ပြောင်းလျှင် ( သာသနာနှစ် ၁၁၉၃ မ)ဖြစ်သည်။ ယနေ့ ရခိုင်လူမျိုးတို့ အသုံးပြုနေသော ဓည၀တီပက္ခဒိန်ပါသက္ကရာဇ်သည် အာနန္ဒစန္ဒြမင်း သက္ကရာဇ်ဖြိုပြီး ရေတွက်လာသော သက္ကရာဇ်ဖြစ်သည်။ အနောက်ဘက်မျက်နှာစာကို အာနန္ဒစန္ဒြမင်းရေးထိုးခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့် ရေးထိုးရသနည်းဟူမူကား အာနန္ဒစန္ဒြ မင်းကြီး သည် ဗုဒသာသနာကို သက်ဝင်ယုံကြသူ ဖြစ်သည်နှင့်အညီ သာသနာတော်အဓွန့်ရှည်တည်တံ့စေရန်၊ သာသနာတော်သန့်ရှင်းစေနရန် ဟူသော ရည်ရွယ်ချက်ခြင့် သင်္ဂါယနာတင်သည်အခါ ကြိုတင်ပြင်ခဲ့ရ သည့်  လုပ်ငန်းစဉ်များကို နှောင်းလူတို့ သိရှိပြီူး သာဓုအနုမောဒနခေါ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ရေးထိုးခဲ့ခြင်းဖြစ်သည်။

(၃) မြောက်ဖက်မျက်နှာစာ၌ အက္ခရာပုံစံနှစ်မျိုးပါရှိသည်။ မြောက်ဘက်မျက်နှာစာ အပေါ်ဆုံးမှ စာလေးကြောင်းသည် အရှေ့ဘက်စာကြောင်းရေ (၁၀၀)ခန့်ပါရှိသည့် လက်ရေးလက်သား အက္ခရာများနှင့်တူသည်။ ဤသို့တူရခြင်းမှာ ယင်းကျောက်တိုင်၌ အရှေ့ဘက်မျက်မှာစာ ကိုရေးထိုး သော မင်းသည် ယင်းတစ်မျက်နှာတည်း၌ ရေးထိုးလိုသောအကြောင်းအရာများ မဆန့်သောကြောင့် မြောက်ဘက်မျက်နှာတွင် ဆက်လက်ရေးခဲ့သည်ဟူ  ယူဆရသည်။ အဘယ်ကြောင့်ဆိုသော် ထိုစာလေးကြောင်းသည်  အရှေ့ဘက်မျက်နှာစာပါ စာလုံးများနှင့် စာလုံးပြုန်းတီးမှုများ နှင့် အက္ခရာတူညီများကြောင့်ဖြစ်သည်။

အပေါ်ဆုံးစာလေးကြောင်း၌ ပါသော အက္ခရာများနှင့် မတူသော  အခြားသော အက္ခရာတစ်မျိုးဖြင့် ယင်းအောက်တွင် စာကြောင်းရေ (၆၉) ကြောင်းရေးထိုးပါရှိသည်။  ထို အက္ခရာများကို ကြည့်ကာ ရှေးက သုတေသီများက မြောက်ဘက်မျက်နှာစာကို ( အေဒီ ၁၀ ရာစု) မှာ ရေးထိုးခဲ့သော ကျောက်စာဖြစ်သည်ဟု ခန့်မှန်းကြသည်။
 မြောက်ဖက်မျက်နှာစာသည်လည်း စာလုံးများ ပျက်စီးနေခြင်း၊ ခြစ်ရာထွင်းရာများ ရှိနေခြင်းကြောင့် ယနေ့ထိ အပြည့်အစုံ ဖော်ထုတ်ဖတ်နိုင်သေးသူ မရှိသေးပါ။ ထိုကြောင့် မြောက်ဘက်မျက်နှာစာကို မည်သည့်မင်းရေးထိုးခဲ့သည်ကိုလည်း တပ်အပ်သေချာ မသိနိုင်သေပါ။ မြောက်ဘက်မျက်နှာစာ တွင် မင်းအမည်တစ်ချို့ကို ဖတ်နိုင်ကြပြီး၊ {အရေက္ခဒေဂ့ (၀ါ) အာရက္ခဒေသ} ဟူသော အက္ခရာများကို သုတေသီများ ဖော်ထုတ်တင်ပြထားကြသည်။

ထိုကြောင့် ရှေးက သုတေသီများက အရှေ့ဘက်မျက်နှာစာကို (အေဒီ ၆ ရာစု)၊ အနောက်ဘက် မျက်နှာ စာကို (အေဒီ ၈ ရာစု)၊ မြောက်ဘက်မျက်နှာစာကို (အေဒိ ၁၀ ရာစု)တွင် ရေးထိုးခြင်းဖြစ် သည်ဟု ခန့်မှန်းယူဆခဲ့ကြခြင်း ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။

မောင်ဖြူ (ကြွီတဲကျွန်း)
23.5.2020


No comments:

Post a Comment