Tuesday, June 29, 2021

ရှေးခေတ်ရခိုင်ပြည် တိုင်း(၁၂)တိုင်း၊ အခွန်ဆက်မင်း(၀ါ)လက်အောက်ခံမင်း (၁၂)ပါးရှိကြောင်း သက်သေ

 



=========================================
မ္မရာဇးမင်း ငွေဒင်္ဂါး (အေဒီ ၅၂၀-၅၃၂)
သဇင်ပွင့်(၁၂)ပွင့် ၊ အတွင်းဗိန္ဒု (၁၂) ခု
 
ဓမ္မရာဇး မင်းအမည်ကို အာနန္ဒမင်းကျောက်စာကြောင်းရေ(၃၁ )၊ ဂါထာ (၃၃) တွင် “ဓမရာဇျံ”ဟု ရေးထိုးပါရှိသည်။
ဓမ္မရာဇးမင်းသည် အာနန္ဒစန္ဒြမင်းကျောက်စာပါ တတိယမင်းဆက်မှ ပထမဆုံးသော မင်းတစ်ပါးဖြစ်ပြီး၊ ရခိုင် ဝေသာလီပြည်ကို ( အေဒီ ၅၂၀ မှ ၅၃၂ ) အထိ (၁၂) နှစ်တိုင်တိုင် စိုးစံအုပ်ချုပ်ခဲ့သော မင်းတစ်ပါး ဖြစ်သည်။ 
 
မြန်မာ့စာပေလောက၊ ရခိုင်စာပေလောက၌ ထီးသုံး နန်းသုံး တော်ဝင်စကားရပ်တစ်ခုဖြစ်သော “ဓမ္မရာဇး= မင်းတြား၊ တရားမင်း” ဟူသော စကားရပ်ကို အစောဆုံး အယင်ဆုံး သုံးစွဲခဲ့သော မင်းတစ်ပါးလည်းဖြစ်သည်။
 
ရခိုင်သမိုင်းရာဇ၀င်ကျမ်းဂန်တို့တွင် ရှေးခေတ်ရခိုင်ပြည်ကို တိုင်း(၁၂)တိုင်းဖြင့် ဖွဲ့စည်းထားကြောင်းရေးသား ဖော်ပြ ကြသည်။ ဘင်္ဂ(၁၂)မြို့ကိုလည်း ပိုင်သည်ဟု ဖော်ပြကြသည်။ ယင်းအဆို စကားရပ်များသည် နိုင်ငံတ ကာ မှ ပညာရှင်များကို ချပြသည့်အခါ ထိုရာဇ၀င်ကျမ်းဂန်တို့သည် ခိုင်လုံသော အကြောင်းပြချက် သက်သေ များအဖြစ် အသုံးပြု၍ မရပေ။ 
အဘယ်ကြောင့်ဆိုသော် ယင်းစာအုပ်များသည် မူလအရင်းအဖြစ်များ မဟုတ် သောကြောင့်ဟု ဆိုရပေမည်။ 
 
ရခိုင်ဝေသာလီခေတ်တွင် ခပ်နှိပ်သုံးစွဲခဲ့သော ဒင်္ဂါးများတွင် တိုင်းပြည်အတွင်း ထိုမင်းလက်ထက် တိုင်းမည်မျှ ရှိကြောင်း၊ အခွန်ဆက်မင်း(၀ါ) လက်အောက်ခံမင်းမည်မျှရှိကြောင်း ထိုမင်းတို့ခပ်နှိပ်ခဲ့သော ဒင်္ဂါးပါ သင်္ကေတ များကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်သည်။
 
အာနန္ဒစန္ဒြမင်းကျောက်စာပါ ပထမမင်းဆက်မှ ရခိုင်ဝေသာလီခေတ်ဦးသုံး စာမပါသော ခရုသင်ဒင်္ဂါးများတွင် သဇင်ခက်သင်္ကေတများမပါရှိပေ။ အတွင်းဗိန္ဒုပြောက်မှာ (၂)ခုသာပါရှိသည်။ 
 
စာပါသော ခရုသင်းဒင်္ဂါးများတွင် သဇက်ပွင့် သင်္ကေတသည် (၄ ပွင့် မှ ၆ ပွင့်ထိ ) ပါရှိကြ၏။ သံလျက်ခုံအောက်ပါရှိသော အတွင်းဗိန္ဒုပြောက်မှာ ( ၄ ခု မှ ၆ ထိ) ပါရှိကြသည်။ 
 
အာနန္ဒစန္ဒြမင်းကျောက်စာပါ ဒုတိယမင်းဆက်မှ မင်းများခပ်နှိပ်ခဲ့သော ဒင်္ဂါးများတွင် သဇင်ပွင့်သင်္ကေတမှာ ( ၄ ပွင့် မှ ၇ပွင့်ထိ) ပါရှိကြသည်။ သံလျက်ခုံအောက် ပါရှိသော အတွင်းဗိန္ဒုပြောက်မှာ (၃ ခု မှ ၆ )အထိသာ ပါရှိကြသည်။
 
အာနန္ဒစန္ဒြမင်းကျောက်စာပါ တတိယမင်းဆက်မှ မင်းများခပ်နှိပ်ခဲ့သော ဒင်္ဂါးများ၌ ဓမ္မရာဇးမင်းဒင်္ဂါးတွင် သဇင်ပွင့် သင်္ကေတမှာ (၁၂ ပွင့်) ပါရှိပြီး၊ အတွင်းဗိန္ဒုပြောက်မှာလည်း (၁၂)ခုထိ ပါရှိသည်ကိုတွေ့ရသည်။ 
 
ယင်းနောက်ပိုင်း
ဓမ္မ၀ိဇယမင်းဒင်္ဂါးတွင် သဇင်ပွင့်သင်္ကေတမှာ (၈)ပွင့်သာ ပါရှိပြီး ၊ အတွင်းဗိန္ဒုပြောက်မှာ (၅)ခုသာ ပါရှိတော့သည်။
 
ဓမ္မစန္ဒြမင်းဒင်္ဂါးတွင် သဇင်ပွင့်သင်္ကေတမှာ (၉)ပွင့်ပါရှိပြီး၊ အတွင်းဗိန္ဒုပြောက်မှာ (၉)ခုပါရှိသည်။
 
အာနန္ဒစန္ဒြမင်းဒင်္ဂါးတွင် သဇင်ပွင့်သင်္ကေတမှာ (၇)ပွင့်ပါရှိပြီး၊ အတွင်းဗိန္ဒုပြောက်မှာလည်း (၇)ခုပါရှိသည်။ 
 
ဓမ္မရာဇးမင်း ဒင်္ဂါးတွင် သဇင်ခက်(၀ါ) သဇင်ပွင့်(၁၂)ပွင့် ပါရှိသည်။ ယင်းသဇင်ခက်သင်္ကေတသည် ဓမ္မရာဇမင်းလက်ထက်၌ တိုင်း(၁၂)တိုင်းရှိကြောင်းကို ရည်ညွှန်းထည့်သွင်းခပ်နှိပ်ထားသော သင်္ကေတဖြစ်သည်။
 
ယင်းအပြင် ဓမ္မရာဇးမင်းဒင်္ဂါးအလယ်တွင်ပါရှိသော သံလျက်ခုံအောက် အတွင်းဗိန္ဒုပြောက်မှာလည်း (၁၂) ခုပါရှိသည်ကို တွေ့မြင်နိုင်သည်။ ထိုအတွင်းဗိန္ဒုပြောက်(၁၂)ခု သည် ဓမ္မရာဇးမင်းလက်ထက် လက်အောက် ခံမင်း(၀ါ) အခွန်ဆက်မင်း (၁၂) ပါရှိကြောင်း ရည်ညွန်းကာ ထည့်သွင်းခပ်နှိပ်ထားခြင်းဖြစ်သည်။
 
ထို့ကြောင့် ဓမ္မရာဇးမင်းလက်ထက်တွင် ရခိုင်ဝေသာလီပြည်၌ တိုင်း(၁၂)တိုင်း၊ အခွန်ဆက်မင်း(၀ါ) လက် အောက်ခံမင်း (၁၂)ပါး ရှိကြောင်းကို ထိုမင်း၏ ဒင်္ဂါးတွင် ထည့်သွင်းခပ်နှိပ်ထားသော သင်္ကေတများကို ကြည့်ခြင်းအားဖြင့် သိရကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
 
ဤဓမ္မရာဇးမင်းအမည်ကို ရှေးက စာအုပ်များတွင် (မဟာဝီရ )ဟု ဖော်ပြခဲ့ကြသည်မှာ ရာဇဂုဏ်ပုဒ်နှင့် မင်းအမည် ကွဲလွဲနေကြခြင်းဖြစ်သည်။ 
 
မောင်ဖြူ (ကြွီတဲကျွန်း)
29.6.2021

No comments:

Post a Comment