Tuesday, November 23, 2021
စေတီအဆူပေါင်း(၁၀၀) တည်ထားခဲ့သော ရခိုင်ဝေသာလီတိုင်းပြည်မှ ၀ီရစန္ဒြမင်း
         [ မင်းကျင့်တရားနှင့်အညီ ထီးနန်းကိုဆက်ခံစိုးစြံ့ပီး သူတစ်ပါးအကျိုးကို သယ်ပိုးဆောင်ရွက်ရန် ရည်သန်လျှက်ရှိသော သီရိဝီရစန္ဒြမင်းသည် မိမိပိုင် ငွေကြေးဥစ္စာတို့ကို အကုန်အကျခံ၍ မြတ်ဗုဒ္ဓဟော ကြားတော်မူခဲ့သော သစ္စာတရား ကို သက်ဝင်ယုံကြည်မြတ်နိုးသည့်အလျောက် မိမိ၏ ပိုင်နက် နယ်မြေ အ၀ိုင်းအ၀န်းအတွင်း၌ ကမ္ဘာ၏ အဆင်းတန်ဆာဖြစ်သော စေတီအဆူပေါင်း တစ်ရာတိတိကို လှူဒါန်း တည်ထားတော်မူသည်။] ဟူ၍ဖြစ်သည်။          
          ထို့သို့ ကျောက်စာတွင် ရေးထိုးပါရှိသည့် စေတီပေါင်း အဆူတစ်ရာတိတိ တည်ထားခဲ့သော ဗုဒ္ဓဘာသာဝင် သာသနာပြု ရခိုင်ဝေသာလီမင်းတစ်ပါးကို အင်္ဂလန်နိုင်ငံ အောက်စဖိုစ့်တက္ကသိုလ်၊ ဘေလီယောကောလိပ်မှ ပါမောက္ခအီးအိခ်ျ ဂျွန်စတင်၏ “Some Sanskrit Inscriptions of Arakan”စာတမ်း၊ (နှာ ၃၈၀-၃၈၁ ) တွင် အာနန္ဒစန္ဒြကျောက်စာဂါထာ (၃၂ ) နှင့် (၄၂)ပါ  “ ဤဂ့ါ= ῑśa ” ဟူသောစကား လုံးကို  “ Śiva = သီဝနတ် ” ဟု အဓိပ္ပာယ် ဖွင့်လိုက်သောကြောင့် ၀ီရစန္ဒြမင်းအပါ အ၀င် အာနန္ဒစန္ဒြမင်းေ ကျာက်စာပါ  ရခိုင်ဝေသာလီခေတ် စန္ဒြဘွဲ့ခံမင်းများအားလုံးသည် သီဝနတ်ကိုးကွယ်သော ဗြဟ္မဏ၀ါဒ အယူရှိသော ဟိန္ဒူမင်းမျာအဖြစ် မှတ်ချက်ပြုခံလိုက်ရသည်။ 
          ယင်းနောက်  ဆရာကြီး ဦးအောင်သာဦး၏ ရခိုင်ယဉ်ကျေးမှုဝေသာလီခေတ် အတွဲ ၁၊ အမှတ် ၁၊ ၁၉၆၆( စာ ၂၄-၂၅)တွင် [ ယင်းသို့လျှင် သီဝနတ်မင်းကြီး၏ အနွယ်တော်ဖြစ်၍ လမင်းကဲ့သို့ တင့်တယ် သဖြင့် စန္ဒြဘွဲ့အမည်ကို ခံယူမြဲဖြစ်သော မင်း တစ်ဆယ့်ခြောက်ပါးတို့၏ နန်းစံနှစ်အစုစုကား ၂၃၀ တည်း။] ဟူ၍ ဖော်ပြခဲ့သည်။  
           ယင်းနောက် ဆရာကြီး ဦးမြင့်ဆွေ(သက္ကတ) ပြည်ထောင်စုမြန်မာနိုင်ငံ စာပေနှင့် လူမှုရေးသိပ္ပံဂျာနယ်၊၁၉၆၉ ခု၊ စက် တင်ဘာ၊ ( စာ ၁၀-၁၂ ) တွင်  အာနန္ဒစန္ဒြမင်းကျောက်စာပါ စန္ဒြဘွဲ့ခံမင်းများကို  [ သီဝနတ်မင်း အမျိုးအနွယ်မှဆင်းသက် 
သည့် စန္ဒြဘွဲ့ကိုခံယူသော မင်း(၁၆) ပါးတို့၏ နန်းစံနှစ်ပေါင်းသည် အမှန်စင်စစ် (၂၃၀) ဖြစ်၏။] ဟူ၍ ရေးသားခဲ့သည်။ 
          ဒေါက်တာသန်းထွန်း၏ ခေတ်ဟောင်းမြန်မာရာဇ၀င် ၁၉၆၉ (စာ ၆၉-၇၀) တွင်  [ သီဝနတ်မင်းကြီး၏   အနွယ်တော်
ဖြစ်၍ လမင်းကဲ့သို့ တင့်တယ်သဖြင့် စန္ဒြဘွဲ့အမည်ကိုခံယူသော မင်းတစ်ဆယ့်ခြောက်ပါးတို့၏  နန်းစံနှစ်ကား (၂၃၀)
 တည်း။]  ဟူ၍ ရေးသားဖော်ပြခဲ့သည်။ 
         ယင်းနောက် ဆရာကြီး ဦးစံသာအောင် အာနန္ဒစန္ဒြမင်း ရှစ်ရာစုရခိုင်ဝေသာလီမင်းစာအုပ် -၁၉၇၅၊ မတ်လ (စာမျက်နှာ
- ၁၁၉-၁၂၉)၌ - [ သီဝနတ်မင်းအနွယ်မှ ဆင်းသက်လာကြသော အလွန် မွေ့လျော်ဖွယ်ရှိသည့် လမင်းကဲ့သို့  လူ့ပြည်၌
ကျော်စောခြင်းရှိ၍ စန္ဒြဘွဲ့ခံကာ မင်းစည်းစိမ်ချမ်းသာကိုတင့်တယ်စွာခံစားခဲ့ကြသော မင်း(၁၆)ပါးတို့၏ နန်းစံနှစ်ပေါင်း
ကို ရေတွက်သော် (နှစ် -၂၃၀ ) ဧကန်အမှန် ဖြစ်ရာ၏။]  ဟု ရေးသားဖော်ပြခဲ့သည်။      
          အထက်တွင် သုတေသီများ ဖော်ပြခဲ့သည်များကိုကြည့်လျှင် အာနန္ဒစန္ဒြမင်းကျောက်စာပါ စန္ဒြဘွဲ့ခံမင်းများသည် သီဝ
နတ်မင်းအမျိုးအနွယ်က ဆင်းသက်လာကြသူများဖြစ်သည်ဟု ပါမောက္ခဂျွန်စတင် ဖတ်ခဲ့သည့်မူအတိုင်း အဓိပ္ပာယ် ဖွင့်ဆိုကြသည်ကို တွေ့ရမည်ဖြစ်သည်။
          ဤကဲ့သို့ အာနန္ဒစန္ဒြကျောက်စာဂါထာ(၃၂-၄၂) ပါ “ဤဂါနွယ”  ကို ပါမောက္ခဂျွန်စတင်က သီဝနတ်မင်း  အနွယ် ဟုအဓိပ္ပာယ်ဖွင့်ဆို ဘာသာပြန်လိုက်ကြသောကြောင့်  ဂျွန်စတင်စာတမ်းထွက် လာပြီးနောက်ပိုင်း ထုတ်ဝေသော ရခိုင်သမိုင်းဆိုင်ရာ စာအုပ်၊ စာတမ်း၊ ဆောင်းပါးများတွင် အာနန္ဒစန္ဒြ မင်းကျောက်စာပါ စန္ဒြဘွဲ့ခံမင်းများကို  သီဝနတ်ကိုးကွယ်သော အမျိုးးအနွယ်ဟု ရေးသားဖော်ပြကြေ လသည်။   
          ထိုကဲ့သို့  စန္ဒြဘွဲ့ခံမင်းများကို  ဗြာဟ္မဏအယူရှိသည့် သီဝနတ်ကိုးကွယ်သော ဟိန္ဒူမင်းများဟု သတ်မှတ်ခံလိုက်ရခြင်းကြောင့် ဝေသာလီခေတ်တွင် ရခိုင်ပြည်အနှံ့ စန္ဒြဘွဲ့ခံမင်းများ တည်ထားကိုး ကွယ်ခဲ့သော စေတီပုထိုး၊ သာသနိက အဆောက်အအုံများနှင့် ထိုမင်းတို့ ရေးထိုးခဲ့ကြသည့်  ဗုဒ္ဓဘာသာ ၀င်တို့၏ အဆီအနှစ်ဂါထာတော်ဖြစ်သော “ယေဓမ္မာ” အစချီသော ဝေသာလီခေတ်  ကျောက်စာများ စွာတို့သည်လည်းကောင်း၊  စေတီအဆူပေါင်း တစ်ရာတိတိ တည်ထားခဲ့သော   အာနန္ဒစန္ဒြမင်းကျောက်စာ (ဂါထာ -၂၉) ပါ ၀ီရစန္ဒြမင်းသည်လည်းကောင်း၊ မြတ်စွာဘုရားဟောကြားတော်မူသော ပိဋကတ်တော်များကို လှူဒါန်းခဲ့သည် အာနန္ဒစန္ဒြမင်းကျောက်စာ( ဂါထာ- ၂၈ )ပါ  နီတိစန္ဒြမင်းနှင့် မိဖုရားသာဝိတာစန္ဒြဒေ၀ီ တို့သည်လည်းကောင်း “သီဝနတ်အနွယ်” ဟု အနက်ဖွင့်ခဲ့သော စကားလုံးအောက်တွင်  ဗြာဟ္မဏအယူ ရှိသော ဟိန္ဒူမင်းများအဖြစ် ကိုးကွယ်သည့်ဘာသာပါ ပြောင်းလဲ သတ်မှတ်ခံလိုက်ရလေသည်။  
         စာတစ်လုံး၊ မင်တစ်စက်၏ ထိရောက်မှုကား လူမျိုးတစ်မျိုးကို သမိုင်းနှင့်ချီပြီး မည်မျှ နစ်နာစေ သည်သတိပြုရာသည်။ 
ရခိုင်ဝေသာလီမင်းများသည်  သီဝနတ်မင်းအနွယ်က  ဆင်းသက်လာသော  ဟိန္ဒူမင်းများ ဖြစ်သည်ဟု  ဖော်ပြခဲ့သော ယူဆချက် လုံးဝမှားယွင်းကြောင်းကို သက်သေအထောက်အထားဖြင့် ဖော်ပြရလျှင်-
          ပထမဆုံးအချက်အနေဖြင့် ရခိုင်ဝေသာလီပတ်ဝန်းကျင်နှင့် ရခိုင်ပြည်အနှံ့၌ တွေ့ရှိခဲ့ရသမျှသော  ကျောက်စာ၊ ခေါင်းလောင်းစာ၊ ကြေးနီပြားစာများမှာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့၏  ရတနာသုံးပါးနှင့် သက်ဆိုင်သော အထောက်အထားများသာဖြစ်နေခြင်းမှာ သက်သေခံနေသည်။
          ဒုတိယအချက်အနေခြင့် သက်သေပြလိုသည်မှာ ဟိန္ဒူမင်းတို့ သက်ဝင်ယုံကြည်ကိုးကွယ်သော ဗြဟ္မဏအယူ ၀ါဒနှင့်သက်ဆိုင်သော ကျောက်စာ၊ ကြေးနီပြားစာ၊ ခေါင်းလောင်းစာ၊ အုတ်ခွက်စာ၊ ပီစာများ ရခိုင်ပြည်နယ် တစ်ခုလုံးတွင် တစ်ချပ်၊တစ်ခုမှ ယနေ့တိုင် မတွေ့ရှိရခြင်းမှာလည်း ထိုအဆို မှားယွင်းကြောင်း ဖော်ညွန်းနေသည်။ အကယ်၍ ၀ီရစန္ဒြမင်းသည်  သီဝနတ်မင်းအနွယ်မှ ဆင်းသက်လာသော ဗြဟ္မဏအ ယူရှိသည့်  ဟိန္ဒူမင်းတစ်ပါးဟုဆိုလျှင် ဟိန္ဒူဘုရားကျောင်းများ၊ ဟိန္ဒူနတ်ကွန်းများသာ တည်ထားကိုး ကွယ်ပြီး ကျောက်စာများ ရေးထိုးထားခဲ့မည်မှာ အမှန်ဖြစ်သည်။ ယခုမူကား မြတ်ဗုဒ္ဓ၏သာသနာတော်ကို သက်ဝင်ယုံကြည်ကိုးကွယ်သော မင်းတစ်ပါး ဖြစ်ခြင်းကြောင့်သာ သာသနာအဓွန်ရှည်တည်တံ့စေရန် ရည်ရွယ်ချက်ဖြင့် စေတီအဆူပေါင်း တစ်ရာတိတိ တည်ထားကိုးကွယ်ခဲ့ခြင်းကို ထောက်ဆလျှင်  ၀ီရစန္ဒြမင်းသည် ဗုဒ္ဓအယူဝါဒကို  သာမန်ယုံကြည်ခြင်းထက်ပိုသော နက်ရှိုင်းစွာ သက်ဝင် ယုံကြည်ခဲ့သည့် မင်းတစ်ပါးဖြစ်ကြောင်း ထင်ရှားစွာ ပေါ်လွင်နေသည်။     
         ရခိုင်ဝေသာလီ၌ ဟိန္ဒူအယူဝါဒနှင့်သက်ဆိုင်သော နတ်ရုပ်တစ်ခု နှစ်ခု တွေ့ရသည်ကို မည်သို့ ယူဆသနည်းဟူ၍ မေးစရာရှိလာသည်။ ရခိုင်တစ်ပြည်တစ်ခုလုံးတွင် ဗြာဟ္မဏအယူဝါဒနှင့်သက်ဆိုင်သော ဟိန္ဒူနတ်ရုပ် တစ်ခုစ၊ နှစ်ခုစ တွေ့ရခြင်းမှာ တိုင်းပြည်တစ်ပြည်တွင် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ နေထိုင်ကြသောကြောင့် ရခိုင်ဝေသာလီပြည်၌ ဗြာဟ္မဏအယူဝါဒကို လက်ခံသော  လူမျိုးများရှိနေခဲ့ ကြောင်းဖော်ပြနေသလို၊  ရခိုင်ဝေသာလီတွင် ဘာသာရေး လွတ်လပ်ခွင့်ရှိကြောင်း ပြယုဂ်ပင်ဖြစ်သည်။     
          ဗြာဟ္မဏ အယူဝါဒဆိုင်ရာ နတ်ရုပ်တစ်ခုစ နှစ်ခုစတွေ့တိုင်းသာ ရခိုင်ဝေသာလီတွင်  စိုးစံခဲ့သော စန္ဒြဘွဲ့ခံမင်းများနှင့်ပြည်သူ၊ပြည်သားများသည်  ဗြာဟ္မဏအယူဝါဒကို လက်ခံယုံကြည်သောသူများအဖြစ် သတ်မှတ်ကြမည်ဆိုလျှင် ယနေ့မြန်မာနိုင်ငံမြို့ကြီးအတော်များများ၌ ဘာသာခြားတို့၏ ဘာသာရေးအေ ဆာက်အအုံများ လမ်းတိုင်းလမ်းတိုင်း၌ ရှိနေခြင်းမှာ မြန်မာ ပြည်သူ/သား အားလုံးသည် ထိုဘာသာကို ကိုးကွယ်ယုံကြည်သူများမဟုတ်ကြောင်း၊ ယင်းသို့ ဘာသာခြားတို့၏ အဆောက်အအုံများတည်ရှိနေခြင်းမှာ မြန်မာနိုင်ငံ၌ ဘာသာရေး လွတ်လပ်ခွင့်ရှိကြောင်း ဖော်ပြနေသော လက္ခဏာဖြစ်သည်။ 
          တတိယအချက်အနေဖြင့် အာနန္ဒစန္ဒြမင်းကျောက်စာ ကြောင်းရေ (၂၉)၊ဂါထာ(၃၂)နှင့် ကျောက်စာကြောင်းရေ (၃၉)ဂါထာ(၄၂) ပါ “ဤဂါနွယ” စကားလုံးကို သီဝနတ်မင်းအနွယ် မဟုတ်ကြောင်း၊ မင်းမျိုးမင်းနွယ်သာ ဖြစ်ကြောင်းကို သက္ကတ သဒ္ဒါကျမ်း၊ ပါဠိအဘိဓာန်ကျမ်းများကို ကိုးကား၍ ဖော်ပြရမည်ဆိုလျှင်
          “ဤဂါနွယ” ဆိုသည်မှာ ( ဤဂါ နှင့် အနွယ)  ပေါင်းစပ်ထားသော စကားလုံးဖြစ်သည်။ ဤဂါနွယ ၏ အဓိပ္ပာယ်ကို
ဆရာကြီးဦးမြင့်ဆွေ (သက္ကတ)ရေးသားသော သက္ကဋသဒ္ဒါကျမ်း (စာ-၃၀၄) ၌ “ဤဂ်” ဆိုသည်မှာ ပိုင်ဆိုင်သူ၊ အုပ်ချုပ်သူ၊ဟု အနက်ဖွင့်ဆိုသည်။  “အနွယ” မှာ မျိုးရိုးအနွယ်(၀ါ) အမျိုးအနွယ်ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ 
          ထို့ကြောင့် “ဤဂါနွယ” စကားရပ်မှ သက္ကတကျမ်းအလိုအားဖြင့် မင်းနွယ်မင်းနွယ်( သို့မဟုတ်) အုပ်ချုပ်သူအမျိုးအနွယ် ကို ခေါ်ဆိုခြင်းဖြစ်သည်။ ထိုသက္ကတသဒ္ဒါကျမ်း (စာ ၃၀၈)တွင် သီဝနတ်မင်းကို “ဂီဝ” ဟုသာဖော်ပြပြီး၊   “ဤဂါနွယ”ဟူ၍ မဖော်ပြပေ။
                    “ဤဂါနွယ” ကို ပါဠိအလိုအားဖြင့် ဆိုလျှင် “ဤသနွယ= ဤသ+အနွယ” ဖြစ်သည်။
“ဤသ” ဆိုသည်မှာ ( အစိုးရသောသူ၊ မင်း) ဟူ၍လည်းကောင်း၊ “ အနွယ ”  ဆိုသည်မှာ ( မျိုးရိုးအနွယ် ) ခေါ်ဆိုခြင်းဖြစ်ကြောင်း  ဦးဟုတ်စိန်ရေးသားသော ပါဠိအဘိဓာန်(စာ-၁၉၇)၌ ဖော်ပြထားသည်။ (ပုံ-၃)
                                                                   (ပုံ-၃)
  ထို့အပြင် အာနန္ဒစန္ဒြမင်းကျောက်စာကြောင်းရေ (၆၈)၊ ဂါထာ(၆၄) ၌ အာနန္ဒစန္ဒြမင်းထံသို့ ချစ်ကြည်ရေး မဟာမိတ်ပြုရန် ရောက်လာသောမင်း၏ အမျိုးအနွယ်ကိုဖော်ပြရာ၌  “ဂဲ့ဝါန္ဓြ၀ံဂေါ” ဟူ၍ ရေးထိုးထား သည်ကိုတွေ့ရသည်။ ယင်းကို ပုဒ်ခွဲသော်  “ဂဲ့ဝ + အန္ဓြ + ၀ံသ” ဖြစ်သည်။ အဓိပ္ပာယ်မှာ ( သီဝနတ်ကိုးကွယ်သောအန္ဓြမျိုးနွယ် ) ကို ဆိုလိုခြင်းဖြစ်သည်။  (ပုံ-၄)
                                                                    (ပုံ-၄)
          ထို အာနန္ဒစန္ဒြမင်းကျောက်စာတွင် ရေးထိုးပါရှိသော “ဂဲ့ဝ + အန္ဓြ + ၀ံသ” စကားလုံး၌် သီဝနတ် ဟူသောစကားလုံးကို “ဂဲ့ဝ=သျှဲဝ=သီဝ” ဟု ရေးထိုးပါရှိပြီးဖြစ်ခြင်းကြောင့်  အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ(၃၂ နှင့် ၄၂)ပါ “ဤဂါနွယ”စကားရပ်သည် သီဝနတ်မင်းကိုဆိုလိုခြင်း မဟုတ်ကြောင်း၊ မင်းမျိုး မင်းနွယ်ကို ဆိုလိုခြင်းသာဖြစ်ကြောင်း ပေါ်လွင်နေသည်။
          အာနန္ဒစန္ဒြမင်းသည် သူ၏ဘိုးလောင်းတော်ဖြစ်သော  ၀ီရစန္ဒြမင်းကို အာနန္ဒစန္ဒြမင်းကျောက်စာ ကြောင်းရေ ( ၂၇ ) ၊ဂါထာအမှတ်(၂၉) တွင် ဂုဏ်ပြုရေးထိုးမှတ်တမ်းတင်ထားခဲ့သည်။ ၀ီရစန္ဒြမင်း ခပ်နှိပ်ခဲ့သော ဒင်္ဂါးပြားတွင် ပါဠိလို “ ၀ီရစန္ဒြ ”ဟု ရေးထိုးထားပြီး၊ အာနန္ဒစန္ဒြမင်းကျောက်စာ၌ ထိုမင်း အမည်ကို သက္ကတလို “ ၀ီရယစန္ဒြ” ဟု ရေးထိုးထားသည်။ (ပုံ-၅)
                                                                        (ပုံ-၅)
           နိဂုံးချုပ်အနေဖြင့်ပြောကြားလိုသည်မှာ စာာဖတ်သူတို့သည် နိုင်ငံခြားသားပညာရှင်များ ရေးသားထားသည်ဟူ၍လည်းအမှန်မယူစေသလို၊ ပြည်တွင်းမှ ပညာရှင်ပါရဂူများရေးတိုင်းလည်း မှန်သည်ဟု အတည်မယူစေလို၊ ကျွန်တော်ရေးသားတင်ပြသော အကြောင်းအရာကိုလည်း မှန်သည်ဟု မမှတ်ယူပါနှင့်၊ တင်ပြထားသော အကြောင်းအကျိုးပေါ်မှာ မိမိတို့၏ ပိုင်းခြားဝေဖန် စဉ်းစား ဆင်ခြင်နိုင်စွမ်းရှိသော အသိတရားဖြင့်သာ မှား၏ မှန်၏ ဆုံးဖြတ်ကြပါဟု ဆန္ဒပြုရင်း။....
             တစ်ချို့စားလုံးများမှာ ဖောင့်မရှိသောကြောင့် ပုံစာများကို အတည်ယူကြပါရန်။   
                                                                                                                      မောင်ဖြူ(ကြွီတဲကျွန်း)
ကျမ်းကိုး-
၁။ ရန်ကုန်တက္ကသိုလ်။(၁၉၅၆)။ မြန်မာတိုင်းရင်းကျောက်စာများ-စတုတ္ထထုပ်။
၂။ စံသာအောင်၊ဦး။(မဟာဝိဇ္ဂာ-ဟားဗတ်)။ -(၁၉၇၄)။  အေဒီခြောက်ရာစုနှင့်ယင်းမတိုင်မီ ရခိုင်ပြည်သုံးအက္ခရာများ။ ရန်ကုန်မြို့။
၃။ စံသာအောင်၊ဦး။(မဟာဝိဇ္ဇာ-ဟားဗတ်)။- (၁၉၇၅)၊ အာနန္ဒစန္ဒြ ရှစ်ရာစုရခိုင်ဝေသာလီမင်း။ရန်ကုန်မြို့။
၎။ မြင့်ဆွေ၊ဦး။မဟာဝိဇ္ဇာ(လန်ဒန်)။- (၁၉၈၃)။ သက္ကတသဒ္ဒါကျမ်း။ ရန်ကုန်မြို့။သာသနာရေးဦးစီးဌာန။
၅။ သန်းထွန်း- M.A,.B.L.,Ph.D(London)(၁၉၆၉)။ ခေတ်ဟောင်းမြန်မာရာဇ၀င်။ (ဒု-ကြိမ်)။ ရန်ကုန်မြို့၊မဟာဒဂုံစာပေ။
၆။ ဟုတ်စိန်၊ဦး၊(ဘီအေ-ဂုဏ်ထူး၊ဘီ အယ်)။ (၁၉၉၉)။ ပဒတ္ထမဉ္ဇူသာ ဟူသော ပါဠိမြန်မာအဘိဓာန်။ ပြန်လည်ပုံနှိပ်ခြင်း၊န်ကုန်မြို့၊
၇။ အောင်သာ၊ဦး။ (၁၉၆၆) ။ ရခိုင်ယဉ်ကျေးမှု ဝေသာလီခေတ်၊ အတွဲ ၁၊ အမှတ် ၁။ရန်ကုန်မြို့၊ လမ်းညွှန်စာပေ။
၈။ ရွေှ့အောင်၊ဦး၊(M.A.သက္ကတ)- (၁၉၈၉)။ ရှေးဟောင်းသက္ကဋသဒ္ဒါကျမ်း၊ ပါဏိနိ သိဒ္ဓန္ထကော်မုဒိပါဌ်နိဿယ အဓိပ္ပါယ်။ ရန်ကုန်။
 ၉။OHNSTON, E.H.-(1943-46). Some Sanskrit Inscriptions of Arakan.“In Bullentin of the  S.O.S. Vol. XI, (p- 357 -385)
No comments:
Post a Comment