Wednesday, February 14, 2018

အာနန္ဒစန္ဒြကျောက်စာ ဂါထာ(၃၂) တွင် ရေးထိုးပါရှိသည့်အတိုင်း စန္ဒြဘွဲ့ခံမင်း (၁၆) ပါး ရှိကြောင်း တင်ပြခြင်း



            အာနန္ဒစန္ဒြမင်းကျောက်စာတွင် မင်းဆက်(၃)ဆက်ပါရှိပါသည်။၎င်းတို့မှာ စာဂါထာ(၃)မှ ဂါထာ (၁၇) လင်္ကီမင်းထိ ပထမမင်းဆက်၊ အာနန္ဒစန္ဒြကျောက်စာ ဂါထာ(၁၉) ဒွေင်စန္ဒြ မှ ဂါထာ(၃၁) ဓရိတိစန္ဒြ မင်းထိ ဒုတိယမင်းဆက်၊ ဂါထာ(၃၃) မဟာဝီရး မှ ဂါထာ (၄၄) အာနန္ဒစန္ဒြမင်းထိ တို့ဖြစ်ပါသည်။ ထိုမင်း ဆက်သုံးဆက်၌ ဒုတိယမင်းဆက်ပါ မင်းများအားလုံးကို စုပေါင်း ဖေါ်ပြထားသော ဂါထာသည် အာနန္ဒစန္ဒြ ကျောက်စာဂါထာ (၃၂) ပင် ဖြစ်ပေသည်။(ပုံ-၁-၂)

                                                    (ပုံ-၁-၂)

(မင်းမျိုးမင်းနွယ်မှ ဆင်းသက်လာခဲ့ကြသော  အလွန်မွေ့လျော်ဖွယ်ရှိသည့်လမင်းကဲ့သို့ ၊ ဤလူ့ပြည် ၌ ကျော် စောခြင်းရှိ၍   စန္ဒြဘွဲ့ခံကာ မင်းစည်းစိမ်ချမ်းသာကိုတင့်တင်စွာ ခံစားခဲ့ကြသော မင်း(၁၆) ပါး ရှိ လေ၏။ မင်းပြုခဲ့ကြသော နန်းစံနှစ်ကို ရေတွက်သော် တစ်ရာနှစ်ခါ ထက် သုံးဆယ်ပိုသည်မှာ  အမှန်အကန်ဖြစ်သည် ဟု သိအပ်ကြပါလေ။) ပါရှိလေသည်။

       ဤဂါထာအတိုင်းဆိုလျှင် အာနန္ဒစန္ဒြမင်းကျောက်စာတွင်  စန္ဒြဘွဲ့ခံမင်း (၁၆)ပါးရှိကြောင်း၊ နန်းစံနှစ် (၂၃၀)နှစ် ရှိနေကြောင်း ထင်ရှားပေသည်။ ယခင်ပညာရှင်များသည် ဒုတိယမင်းဆက်ပါ မင်းများ၏ နန်းစံ နှစ်ကို ရေတွက်သော် ကျောက်စာမှာပါသည့်အတိုင်း နှစ်ပေါင်း(၂၃၀) ကို အတိအကျ ရကြသော်လည်း  စန္ဒြဘွဲ့ခံမင်း(၁၆) ပါးကို စာရင်းချရာ၌ (၁၃) ပါးသာ စာရင်းချ၍ ရကြသည်ကိုတွေ့ရပေသည်။ နောက်ထပ် စန္ဒြဘွဲ့ခံမင်း(၃) ပါး ချပြနိုင်ခဲ့ကြသည်ကို မတွေ့ရပါပေ။ (ပုံ-၃)ရှုပါ။
 


ကျောက်စာတွင် စန္ဒြဘွဲ့ခံမင်း (၁၆) ပါးရှိသည်ဟု ရေးထားသော်လည်း အမှန်တကယ် ၄င်းမင်းဆက်တွင် စန္ဒြအမည်ပါရှိသော မင်းမှာ (၁၃) ပါးသာဖြစ်နေပေသည်။ ဤသို့ဆိုလျှင် စန္ဒြဘွဲ့ခံ နောက်မင်းသုံးပါးဘယ်ရောက်နေသလဲ၊ စဉ်းစားစရာအချက်တစ်ချက်ပေါ်လာပြီ။
ထိုကြောင့် ကျွန်တော်သည် အာနန္ဒစန္ဒြမင်းကျောက်စာမင်ကူးမူ၏ ပထမမင်းဆက်မှာ စန္ဒြအမည်ပါသော မင်းများပါလေသလော ပြန်လည်စီစစ်ရှာဖွေမိပါသည်။  (စန္ဒြ ) ဆိုသော  အက္ခရာစာလုံးကို ပထမမင်း
                                 
ဆက်တွင် လုံးဝ မတွေ့ရချေ။ နောက်တစ်ခါ ဒုတိယမင်းဆက်မှာလည်း စန္ဒြဘွဲ့ခံမင်း (၁၃)ပါးသာ ပါရှိသည် ကို အားလုံးအသိဖြစ်ပေသည်၊ဤသို့ဆိုလျှင် စန္ဒြဘွဲ့ခံမင်း(၃)ပါးသည် တတိယမင်းဆက်တွင် ရှိရမည်ဟု အတွေးဝင်လာကာ  အာနန္ဒစန္ဒြကျောက်စာတွင် တတိယမင်းဆက်ကို ဖေါ်ပြသောဂါထာ (၃၃) မှ ဂါထာ (၄၄) ထိကို တဖန် အသေအချာ ပြန်လည်စီစစ်ရှာဖွေပါတော့သည်။
       ထိုအခါ ဂါထာ(၃၂) ဒုတိယမင်းဆက်၌ စန္ဒြဘွဲ့ခံ မင်း(၁၃) ပါး တို့၏ အမျိုးအနွယ်ကို ဖေါ်ပြသောအခါ   ( ဤဂါနွယ=မင်းမျိုးမင်းနွယ်မှဆင်းသက်လာသော)  စကားလုံးဖြင့်ရေးထိုးထားသည်ကို သတိပြုမိပါသည်။ ထို ကြောင့် (ဤဂါနွယ=မင်းမျိုးမင်းနွယ်မှဆင်းသက်လာသော)  စာလုံးနောက်ထပ်ပါလေမလားဟူသော ဆန္ဒဖြင့် အာနန္ဒစန္ဒြကျောက်စာ ၏ တတိယမင်းဆက်ကိုဖေါ်ပြသော ဂါထာများကို ခြေရာကောက် ရှာဖွေရာ  ဂါထာ(၃၃)၌ မဟာ ၀ီရမင်း ၊ ဂါထာ(၃၄)တွင် ဝြယဇပ်မင်း၊ ဂါထာ(၃၅) သေ၀ိင်္ရေင်မင်း၊ ဂါထာ (၃၆)မှာ ဓမ္မ သူရမင်း၊ ဂါထာ(၃၇-၃၈) ၀ဇြသတ္တိမင်း၊ ဂါထာ(၃၉-၄၀)မှာ သီရိဓမ္မ၀ိဇယ၊ ဂါထာ(၄၁)မှာ နရေန္ဒ၀ိဇယ မင်း ၊ ဟု ဖေါ်ပြထားသည်ကိုတွေ့ရပါသည်။ ထိုအထိ (ဤဂါနွယ=မင်းမျိုးမင်းနွယ်မှ ဆင်းသက်လာသော)စကား လုံး ကိုမတွေ့ရသေးချေ။(ပုံ-၄) ရှု


(ပုံ-၄)

ထိုမင်းတို့ပြီူးနောက်  ဂါထာ(၄၂) တွင် တစ်ခါ ဒုတိယ မင်းဆက်၌ စန္ဒြဘွဲ့ခံမင်း (၁၃) ပါးတို့၏ မျိုးရိုးအမည်ကိုဖေါ်ရာတွင် ရေးထိုးသုံးစွဲခဲ့သော (ဤဂါနွယ= မင်းမျိုး မင်းနွယ်မှဆင်းသက် လာသော) စာလုံးကို ထပ်မံတွေ့လာရပါသည်။ ထိုအပြင် ထို(၄၂)မှာပင် နရေန္ဒြစန္ဒြ နှင့် သီရိဓမ္မစန္ဒြ ဟူသော စန္ဒြဘွဲ့ခံမင်း(၂)ပါး ပါရှိသည်ကို တွေ့လာရပါသည်။  (ပုံ -၅) ရှု

(ပုံ-၅)


အာနန္ဒစန္ဒြကျောက်စာဂါထာ(၃၂)ပါ စန္ဒြဘွဲ့ခံမင်း(၁၃)ပါးတို့၌ ဓရိတိစန္ဒြမင်းလက်ထက်တွင် မင်းဆက်ပြတ် သွားပြီး၊ ယင်းနောက်တွင် မဟာဝိရ အစ ဓမ္မ၀ိဇယမင်း အဆုံး မင်းဆက်(၆)သည် ကြားမှာ ၀င်ရောက်အုပ် ချုပ် သွားသည်ကိုတွေ့ရပေသည်။ ထိုကြောင့် စန္ဒြမင်း(၁၆) ဆက်ကို အာနန္ဒစန္ဒြမင်းကျောက်စာ၌ ရေးထိုး ဖေါ်ပြရာတွင် တစ်ဆက်စပ်တည်း ရေးထိုးဖေါ်ပြနိုင်ခဲ့ခြင်း မရှိဘဲ ဖြစ်သွား ပေသည်။
ထိုစန္ဒြဘွဲ့ခံမဟုတ်သော မင်းခြောက်ပါးနန်းစံအုပ်ချုပ်ပြီးမှ (ဤဂါနွယ= မင်းမျိုးမင်းနွယ်) စန္ဒြဘွဲ့ခံများ ဆက် ခံ အုပ် စိုး လာသည်ကိုတွေ့ရသည်။ ဤဂါထာ (၄၂ ) တွင် စန္ဒြဘွဲ့ခံယူ သော နရေန္ဒြစန္ဒြ နှင့် သီရိဓမ္မစန္ဒြ မင်း  (၂)ပါးတို့ တွေ့လာရသောကြောင့် ယခင် စန္ဒြဘွဲ့ခံမင်း(၁၃) ပါးနှင့် ပေါင်းလျှင် စန္ဒြဘွဲ့ခံမင်း (၁၅) ပါး ဖြစ်သွားပေသည်။


နောက်တစ်ခါ အာနန္ဒစန္ဒြမင်းကျောက်စာ ဂါထာ(၄၄)တွင် ဤကျောက်စာကို ရေးထိုးခဲ့သော စန္ဒြဘွဲ့ခံ  ဝေသာလီပြည့်ရှင်  အာနန္ဒစန္ဒြ မင်း တစ်ပါးကို ပေါင်းလိုက်လျှင် စန္ဒြဘွဲ့ခံမင်း (၁၆) ပါး ဖြစ်သွားပေသည်။ (ပုံ-၆)ရှု
 

 


                                                            (ပုံ-၆)

အဓိကကွဲလွဲသွားကြသည်မှာ အာနန္ဒစန္ဒြကျောက်စာ ဂါထာ(၄၁) ပါ  နရေန္ဒြ၀ိဇယမင်း ကို  ဓမ္မ၀ိဇယမင်း၏ သားအဖြစ် ယူဆကာ ဖေါ်ပြခဲ့ကြသောကြောင့် စန္ဒြဘွဲ့ခံမင်း (၁၆)ပါးကို စာရင်းချ၍မရကြခြင်းဖြစ်ပေသည်။ အမှန်က နရေန္ဒြ၀ိဇယမင်းသည် ၀ဇြသတ္တိမင်း၏သားသာ ဖြစ်ကြောင်း ဂါထာ(၄၂) တွင် အတိအကျဖေါ်ပြ ထားပေသည်။ ဂါထာ(၄၁)တွင် ထိုမင်း၏သားဆိုသည်မှာ ဖခင်မင်းအမည်မပါ သောကြောင့် ၀ိဇယအမည် တူ သည်ဟုဆိုကာ ဓမ္မ၀ိဇယမင်း၏သားဟု ယူဆသွားကြလေသည်။ ဂါထာ(၄၂)မှာ ရေးထားသည်က “ ယော ၀ဇြသတ္တိ သုတ၀ီရ  နရေန္ဒြစန္ဒြ သီရိဓမ္မစန္ဒြ”  ( ယော = အကြင် ၊ ၀ဇြသတ္တိ =၀ဇြသတ္တိမည်သော မင်း၏ ၊ သုတ၀ီရ= ရဲရင့်သည့် သားများဖြစ်သော နရေန္ဒြစန္ဒြ နှင့် သီရိဓမ္မစန္ဒြ ) ဟူ၍ ပါရှိသည်က သက်သေ ခံနေပေသည်။ ထိုကြောင့် အာနန္ဒစန္ဒြ ကျောက်စာဂါထာ(၄၂)ပါ နရေန္ဒြ၀ိဇယမင်းသည် ဓမ္မ၀ိဇယမင်း၏ သားမဟုတ်ဘဲ  ၀ဇြသတ္တိမင်း၏သား နရေန္ဒြ၀ိဇယ ခေါ် နရေန္ဒြစန္ဒြမင်း သာဖြစ်ပါပေသည်။   

ထိုကြောင့် အာနန္ဒစန္ဒြကျောက်စာ ဂါထာ(၃၂) ပါ  စန္ဒြဘွဲ့ခံ မင်း(၁၆) ပါး ရှိသည်မှာ လုံးဝအမှန် အကန်ဖြစ်သည် ကျောက်စာနှင့် မင်းအမည်ကို ပူးတွဲကာ ရေးသား တင်ပြလိုက်ရပါသည်။ 



မောင်ဖြူ (ကြွီတဲကျွန်း)
အယနာစာပီအဖွဲ့(ရန်ကုန်)
13.2.2018
 

No comments:

Post a Comment