Tuesday, January 21, 2020

ရခိုင်ဝေသာလီခေတ် ပိဋကတ်တော်အလှူ(၀ါ) ဓမ္မအလှူ ကျောက်စာ(၂)ချပ်။



ရခိုင်ဝေသာလီခေတ် (အေဒီ ၄-၅ ရာစု)တွင် မင်း- မိဖုရား၊ တော်ဝင် မင်းမျိုးမင်းဆွေများက ဓမ္မအလှူ(၀ါ) ပိဋတော်အလှူများကို လှူဒါန်းမှုပြုလုပ်ကာ ကျောက်စာများရေးထိုးခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။
ယင်းခေတ်ယင်းအချိန်က ယနေ့ခေတ်လို ပုံနှိပ်ထုတ်ဝေထားသော ပိဋကတ်တော် ဓမ္မစာအုပ်များကို ၀ယ်ယူပြီး လှူဒါန်းရန် စာရွက်များ မပေါ်သေးသောကြောင့် ပိဋကတ်သုံးပုံလုံးကို လှူဒါန်းမှုတစ်ခု ဖြစ်ပေါ် လာရန်အတွက် ရွှေပြား၊ငွေပြား၊ကြေးပြား၊ ပေရွက်များပေါ်တွင် ရေးကူး၍ လှူဒါန်းကြရသည်။ သာမန်လူတစ်ဦး၊ သာမန် သဒ္ဒါ တရားနှင့် ဓမ္မအလှူ(၀ါ) ပိဋကတ်တော်လှူဒါန်းရန်မှာ အလွန်ခက်ခဲသော အခြေအနေဖြစ်ပေသည်။ မြတ်စွာ ဘုရား ဟောကြားတော်မူသော ပိဋကတ်တော်လာ ကျမ်းတစ် ကျမ်း၊ သုတ်တစ်သုတ်၊ ပိဋကတ် တစ်ပုံ၊နှစ်ပုံ၊ သုံးပုံ၊ စသည်အားဖြင့် လှူဒါန်းရန် ကြိုတင်ပြင်ဆင်ရခြင်း၊ ရေးကူးတည်းဖြတ်စီစစ်ရခြင်းများကို အချိန်များ စွာ ပေးပြီး၊ ငွေကြေးများစွာ ကုန်ကျပြီးမှ ပြုလုပ်ရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားဟော ပါဠိတော်လာ ကျမ်းတစ်ကျမ်း၊ သုတ်တစ်သုတ် ဓမ္မအလှူတစ်ခု ပြုလုပ်လှူဒါန်းရန် လွယ်ကူသော အလုပ်မဟုတ်ကြောင်း သိ သာနိုင်သည်။ ထိုသို့ ဓမ္မအလှူ(၀ါ)ပိဋကတ်တော်အလှူတစ်ခုပြုလုပ်ရန် မင်းမျိုးမင်းဆွေ(၀ါ) ချမ်းသာသော ပညာတတ်အသိုင်းအ၀ိုင်းမှသာ ပြုလုပ်နိုင်ကြမည်ယူဆရပေသည်။
ယင်းကိုသက်သေပြရပါမူကား အာနန္ဒစန္ဒြမင်းကျောက်စာ ကြောင်းရေ(၂၆) ၊ ဂါထာအမှတ်(၂၈)ပါ ရခိုင်ဝေသာ လီခေတ် ဘုရင်တစ်ပါးဖြစ်သော နီတိစန္ဒြမင်း၏မိဖုရား ခေါင်ကြီးဖြစ်သော “သာဝီတာ စန္ဒြဒေ၀ီမိဖုရား” ကျောက် စာနှစ်ချပ်က သက်သေခံနေသည်။
သာဝီတာစန္ဒြဒေ၀ီကျောက်စာ( ရခိုင်ဝေသာလီ)
************************************************
ဤကျောက်စာကို
ပထမ ပိဋကတ်တော်ဓမ္မအလှူ ကျောက်စာကို ဝေသာလီမြို့ဟောင်း ဥဏှသတ တောင်ထက် စေတီပျက်မှ ရရှိ သောကြောင့် ရခိုင်ဝေသာလီမြို့တွင် ပြုလုပ်သော ပိဋကတ်တော် ဓမ္မအလှူကျောက်စာဟု မှတ်ယူနိုင်သည်။ ဤကျောက်စာသည် အလျား(၁၈”) အနံ(၁၀”) ထု(၆”) ရှိသည်။
ဤကျောက်စာသည် သာဝီတာစန္ဒြဒေ၀ီမိဖုရား ပထမဆုံး ဓမ္မအလှူပြုလုပ်သော ကျောက်စာဖြစ်သည်။ သာဝီတာစန္ဒြဒေ၀ီ၏ ပထမပိဋကတ်အလှူကျောက်စာကို မြောက်ဦးပြတိုက်တွင် ထိန်းသိမ်းပြသထားသည်။ ရခိုင်ဝေသာလီမြို့တွင် ပထမအကြိမ်လှူဒါန်းသော ပိဋကတ်တော် ဓမ္မအလှူ ကျောက်စာရေးထိုးရာ၌ သာဝီတာ စန္ဒြဒေ၀ီမိဖုရားသည် သူ၏လင်တော်မောင် နီတိစန္ဒြမင်းအမည်ကို သူမ၏ အမည်ရှေ့တွင်ရေးထိုးထားပြီး လှူ ဒါန်းပြုလုပ်သည်ကို တွေ့ရသည်။ (ပုံ-၁)



**
အထက်စာကြောင်းရေ (၁-၂) ပါအကြောင်းအရာများသည် ရခိုင်ဝေသာလီခေတ်၏ ပုံရိပ်ဖြစ်သော ဝေသာလီပြည်သားတို့၏ အသဲနှလုံးဂါထာဖြစ်သော ပိဋကတ်သုံးပုံလုံးကို ခြုံငုံထားသည့် ယေဓမ္မာဂါထာ တော်ဖြစ်ပြီး ၊ စာကြောင်းရေ (၃-၄-၅) အလှူရှင်၏ အမည်နှင့် လှူဒါန်းရခြင်းအကြောင်းအရာများကို ရေးထိုးထားသော ကျောက်စာများဖြစ်သည်။

ယေဓမ္မာ-အကြင်သို့သောဒုက္ခသစ္စာတရားတို့သည် ဟေတုပဘ၀ါ ရှေးကပြုဘူးသော သမုဒယသစ္စာသာလျှင် အကြောင်းရှိကြကုန်သည်ဟု တထာဂတော- ငါတို့၏မြတ်စွာဘုရားသည် ၊ ဟျဝေါဒတ္တေ-ဟောကြား မိန့်မြွက် တော်မူ၏။ တေသဉ္စ -ထိုဒုက္ခသစ္စာ၊ သမုဒယသစ္စာတို့၏ ၊ ယောနိရောဓော- ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း ဖြစ်သော ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာတရားတို့ကိုလည်း မြတ်စွာဘုရားသည် ဟျဝေါဒတ္တေ-ဟောကြားမိန့်မြွက် တော်မူ၏။ မဟာသာမဏ ရဟန်းတို့၏ ဦးသျောင်ဖြစ်သော မြတ်စွာဘုရားသည် ၊ ဧ၀ံဝါဒီ ဤသို့သော အယူ ၀ါဒရှိသည်။
ဂြီနီတိစန္ဒြသျ - ဘုန်းကျက်သရေရှိလှစွာသော နီတိစန္ဒြမင်း၏၊ သာဝီတာစန္ဒြဂြီ့ ယာနာမ- ဘုန်းတန်ခိုးကျက် သရေရှိသည့် သာဝီတာစန္ဒြအမည်ရှိသော၊ ဒေ၀ီ -မိဖုရားခေါင်ကြီးဖြစ်သည်၊ ပရမေ- အလွန်မြင့်မြတ် လှစွာ သော မြတ်စွာဘုရားဟောကြားတော်မူသည့် ၊ ဓမ္မာယံ- ပိဋကတ်တရားတော်များကို၊ သဗ္ဗသတွာနံ-ခပ်သိမ်း သော သတ္တ၀ါတို့အား ၊ ပါသိကသျ- မသိခြင်းအ၀ိဇ္ဇာကျော့ကွင်းမှ (လွတ်မြောက်စေခြင်းငှါ) ဒေယျ- ပေးလှူခြင်း ကို ၊ ကတ္တမ- ပြုလုပ်လေသည်။
**
သာဝီတာစန္ဒြဒေ၀ီ ပိဋကတ်တော်အလှူကျောက်စာ (သံတွဲ)
*********************************************************
သာဝီတာစန္ဒြဒေ၀ီမိဖုရား၏ ဒုတိယ ပိဋကတ်တော် ဓမ္မအလှူမှာ သံတွဲမြို့၌ ပြုလုပ်သောအလှူဖြစ်သည်။
ဤကျောက်စာကို (20.11.1994) သံတွဲမြို့ အံတော်စေတီတော်ရင်ပြင်ကို သန့်ရှင်းရေး ပြုလုပ်စဉ် စေတီ တော် တံတိုင်းအနီးမှ ထိုမြို့ခံသား ဦးအေးသန်း တွေ့ရှိသော ကျောက်စာ ဖြစ်ပါသည်။ ယခု ဤကျောက်စာကို သံတွဲ မြို့-မဟာအောင်မြေ ဘုန်းကြီးကျောင်းတွင် ထိန်းသိမ်းပြ သထားပါသည်။
ကျောက်စာမှာ အလျား ၁၆ လက်မ၊ အနံ ၁၀ လက်မ အထူ ၂လက်မရှိကာ စာကြောင်းရေ (၈) ကြောင်း ရေး ထိုးပါရှိသော ကျောက်စာဖြစ်ပါသည်။ ဤကျောက်စာ၌ ပထမစာကြောင်းမှ စတုတ္ထစာကြောင်းသည် ယေဓမ္မာ ဂါထာကို ပါဠိဘာသာဖြင့်ရေး ထိုးထားပြီး၊ စာကြောင်း ရေငါးမှ စာ ကြောင်းရေ ရှစ် အထိသည် ပိဋကတ်တော်-ဓမ္မအလှူပြုကြောင်းကို ရေးထိုးထားသော စာများဖြစ်သည်။ ပါဠိဘာသာထိုး ကျောက်စာတစ်ချပ်ဟုယူဆ နိုင် သည်။ သက္ကတစာလုံး- တစ်လုံးစနှစ်လုံးလောက်သာ ရောနှောနေသည်ကိုတွေ့ရသည်။ (ပုံ-၂)







အဓိပ္ပာယ်မှာ - (ပုံ-၁) တွင်ပါသော စာသားအဓိပ္ပာယ်အတိုင်းဖြစ်သည်။ ခြွင်းချက်အနေဖြင့် (ပုံ-၁) နီတိစန္ဒြမင်းဟူသောအမည်တစ်ခုသာ အပိုပါရှိပြီး ကျန်စာသားများသည် အားလုံးအတူတူပင်ဖြစ်သည်။
***
ဝေသာလီတွင် ပြုလုပ်သော ဓမ္မအလှူကျောက်စာ၌ သူ၏လင်တော် ဘုရင် နီတိစန္ဒြမင်းအမည်ကို သူ၏အမည်ရှေ့က ဂုဏ်ယူစွာရေးထိုးခဲ့သော်လည်း ယခု သံတွဲအံတော်စေတီမှ ရရှိသော ကျောက်စာတွင် သူ၏ ဒေ၀ီသာဝီ တာစန္ဒြ အမည်ေ ရှ့တွင် နီတိစန္ဒြမင်းအမည် ရေးထိုးပါရှိသည်ကို မတွေ့ရပေ။ ဤသို့ဖြစ်ရသည်မှာ သံတွဲအံတော်စေတီ ကုသိုလ်ကောင်းမှုပြုလုပ်သည့်အချိန်၌ ဝေသာလီပြည့်ရှင် နီတိစန္ဒြမင်းကြီးသည် သက်တော်ထင်ရှားရှိ နေမည်ဆိုပါက သာဝီတာစန္ဒြဒေ၀ီမိဖုရားသည် ဘုရင်အမည်ကို မထည့်ဘဲ ရေးထိုးမည်ဆိုလျှင် နီတိစန္ဒြမင်းကြီး အား မလေးစားရာရောက်သလို ရာဇအန္တရယ် ဖြစ်နိုင်မည်ကို လည်း သတိပြု စဉ်းစားမည်ဖြစ်ပေသည်။
ထိုကြောင့် သာဝီတာစန္ဒြဒေ၀ီမိဖုရားသည် နီတိစန္ဒြမင်းကြီး အမည်ကို သူ၏အမည်ရှေ့က မရေးထိုးခဲ့ခြင်းမှာ သံတွဲအံတော် စေတီကို ကုသိုလ်ကောင်းမှု ပြုလုပ်သည့်အချိန်၌ နီတိစန္ဒြမင်းသည် နတ်ရွာစံပြီးသည့် အချိန် လည်း ဖြစ်နိုင်သလို၊ မိဖုရား၏ ကိုယ်ပိုင်ငွေကြေးဖြင့် သီးသန့် ပြုလုပ်သော ကောင်းမှုကုသိုလ်တစ်ခု ကြောင့် လည်း ဖြစ်နိုင်သည်ဟုလည်း ယူဆရပေသည်။
အံတော်စေတီ၌ ရှေးခေတ်က ပိဋကတ်တိုက်တစ်ခုရှိခဲ့လေသည်မှာ နီတိစန္ဒြမင်း၏မိဖုရားခေါင်ကြီး သာဝိတာ စန္ဒြ ဒေ၀ီမိဖုရား၏ ကောင်းမှု တော်ဖြစ်နိုင်သည်ဟု ယူဆနိုင်ပေသည်။ သာဝီတာစန္ဒြဒေ၀ီသည် သတွဲမြို့ရှိ အံတော်စေတီနှင့် ၄င်းအနီးရှိ ပိဋကတိုက်၏ မူလအလှူရှင် ဖြစ်နိုင်သလို ထပ်မံပြုပြင် မွမ်းမံသူလည်း ဖြစ်နိုင် ပေသည်။
****
ထိုအပြင် နောက်ထူးခြားချက်တစ်ခုမှာ ကျောက်စာနှစ်ချပ်စလုံး တွင် နီတိစန္ဒြမင်းအမည်မှ အပ ကျန်စာသား များသည် ကျောက်စာတစ်ချပ်တည်းကို မိတ္တူကူးသကဲ့သို့ စာသားများ တူညီစွာ ရေးထိုးထားသည် ကိုတွေ့ ရခြင်းပင်ဖြစ်ပါသည် ။
ရခိုင်ဝေသာလီမင်းနေပြည်မှ သံတွဲထိဆိုလျှင် ရေလမ်း ခရီးအားဖြင့့်် မိုင်ပေါင်း၃၀၀ လောက်ရှိမည်ဟု ထင်ရပါ သည်။ ဤမျှလောက်ဝေးကွာသော ရေလမ်းခရီးကို လွန်ခဲ့သောနှစ်ပေါင်း တစ် ထောင်ကျော်အချိန်က မိဖုရား တစ်ပါးအနေဖြင့် သွားလာ ရန်မှာ ခက်ခဲ့သောရေလမ်းခရီးစဉ်တစ်ခု ဖြစ်ခဲ့မည် မှာမလွဲပေ။ သို့သော် လည်း သာဝီတာစန္ဒြဒေ၀ီ မိဖုရားသည် သူ၏ကောင်းမှုကုသိုလ်ပြု လုပ်သော အကြောင်းအရာကို ဝေသာလီမင်း နေပြည်တော်တွင် ပြုလုပ်သော ဓမ္မအလှူကျောက်စာပါ စာလုံးများနှင့် တူညီစွာ ရေးထိုးထားခြင်းက ထူးခြား ချက်တစ်ရပ်ပင်ဖြစ်ပေသည်။ သာဝီတာစန္ဒြဒေ၀ီမိဖုရားသည် ဝေသာလီပြည်တွင် သူ၏ ပထမဓမ္မအလှူပြု လုပ်ရာ၌ ကျောက်စာကို ရေးထိုး ခိုင်းခဲ့သူအား သံတွဲကောင်းမှု ဓမ္မအလှူကျောက်စာကိုလည်း ထိုသူအား ရေးထိုး ခိုင်းခြင်းဖြစ်မည် ဟု ယူဆရပါသည်။ ထိုကြောင့်သာ ကျောက်စာပါစာလုံးများသည် နှစ်ချပ်စလုံး အတူတူ ဖြစ်နေခြင်းဟု ယူဆသည်။
*****
ဤကျောက်စာ(၂)ချပ်သည် အကိုးအကားပြု၍ ရခိုင်ဝေသာလီပြည်၏ တောင်ပိုင်းနှင့် မြောက်ပိုင်းကို လွန် ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်(၀ါ) နီတိစန္ဒြမင်းလက်ထက် (အေဒီ ၄၄၀-၄၉၅)ကပင် တစ်သွေးတည်း တစ်သားတည်း ဖြစ်တည်နေကြောင်း၊ သံတွဲမြို့သည် ရခိုင်ဝေသာလီပြည်၏ အာဏာစက်အောက်တွင် ရှိနေကြောင်း ဖေါ်ပြနေသော(၀ါ) သက်သေခံနေသော ကျောက်စာများဟု ပြောမည်ဆိုလျှင်လည်း လွန်မည် မထင်ပေ။
မောင်ဖြူ ကြွီတဲကျွန်း)
21.1.2020

No comments:

Post a Comment