အာနန္ဒစန္ဒြမင်းကျောက်စာ နှင့် ပက်သက်၍ အောက်စဖိုစ့်တက္ကသိုလ် ဘေလီယော ကောလိပ်မှ အရှေ့တိုင်းပညာရပ်ဆိုင်ရာ ပါမောက္ခ အီး အိခ်ျ ဂျွန်စတင်၏ ရေးသားခဲ့သော “Some Sanskrit Inscriptions of Arakan.” စာတမ်းသည် အပြည့်စုံဆုံးသော စာတမ်းတစ်ခုဖြစ်သည်။ ဂျွန်စတင်သည် (၁၉၄၂)ခုနှစ် အောက်တိုဘာလတွင် ကွယ်လွန်ခဲ့လေသည်။
ဂျွန်စတင်ကွယ်လွန်သွားသည့်အခါ အာနန္ဒစန္ဒြမင်းကျောက်စာ စာမူသည် စာကြမ်းအဖြစ်ရှိနေခဲ့ပြီး၊ ၄င်းစာ တမ်းကို ဘေလီယောကောလိပ်မှ တာဝန်ရှိသူများက ပါမောက္ခ ဆာ ရစ်ချစ်ဘန်း နှင့် ပါမောက္ခ ဂျီအိပ်(ခ်ျ) လုပ်(စ်) ၏ အကူအညီဖြင့် စာချောအဖြစ် တည်းဖြတ်ကာ “Bulletin of the School of Oriental and African Studies, University of London,Vol.11,No.2, စာအုပ်တွင် (P 357-385.)၌ “Some Sanskrit Inscriptions of Arakan.” ခေါင်းစဉ်ဖြင့် (၁၉၄၄) နှစ်တွင် ထည့်သွင်း ထုတ်ေ ၀ခဲ့ပေသည်။
ထို “Some Sanskrit Inscriptions of Arakan.” စာတမ်းတွင် အာနန္ဒစန္ဒြ မင်းကျောက်စာကို “ မူရင်းအသံထွက် အတိုင်း ရေးသားထားသော သက္ကတမူ တစ်ခု”၊ ယင်းသက္ကတမူကို “အင်္ဂလိပ်လို ဘာသာပြန်ထားသောမူ တစ်ခု” (၂)မျိုးပါရှိသည်။ သက္ကတ မူတွင် စာကြောင်းရေ(၇၃) ကြောင်းရှိသည်ဟု ဖော်ပြထားပြီး၊ စာကြောင်းရေ (၇၃)ကို “Ekadasama bde” ဟု ရေးသားဖော်ပြထားသည်ကိုတွေ့ရသည်။ (ပုံ-၂)
သက္ကတမူကို အင်္ဂလိပ်လို ဘာသာပြန်ရေးသားဖော်ပြရာတွင် စာကြောင်းရေအလိုက် မဖော်ပြဘဲ၊ ဂါထာအလိုက်သာ ဖော်ပြ ထားခြင်းကြောင့် အာနန္ဒစန္ဒြမင်းကျောက်စာတွင်ပါရှိသော ဂါထာ (၆၅)ပိုဒ်၊ စာကြောင်းရေ (၇၁)ကြောင်း ကိုသာ ဘာသာ ပြန် ဖော်ပြထားသည်။ အောက်ခြေပါ စာကြောင်းရေ( ၇၂-၇၃) စာကြောင်းများကို ဂါထာ မဟုတ်သောကြောင့် ဖော်ပြခြင်း မပြုခဲ့ဟု ယူဆရသည်။
ထို့ကြောင့် အင်္ဂလိပ်ဘာသာပြန်မူ၌ သက္ကတမူတွင် ပါရှိသော “Ekadasama bde” ဟူသော စကားရပ် မပါရှိ ခဲ့ပေ။
ဂျွန်စတင် စာတမ်းထွက်လာပြီးနောက်ပိုင်း သုတေသီပညာရှင်များသည် အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ပက်သက်၍ သူတို့၏ ထင်မြင်ယူဆချက်များကို ဆောင်းပါးများ၊ စာတမ်းများ၊ စာအုပ်များ ရေးသားထုတ်ဝေခဲ့ကြသည်။ ထိုသုတေ သီများ ရေးသားခဲ့ကြသော ဆောင်းပါး၊ စာတမ်း၊ စာအုပ်များတွင် လည်း အင်္ဂလိပ်ဘာသာပြန်မူကိုသာ လေ့လာခဲ့ကြ ဟန်ရှိသောကြောင့် သက္ကတမူတွင်ပါသည့် “Ekadasama bde” ဟူသော စကားရပ်ကို တစ်ခွန်းတစ်လေမျှ၊ တစ်ဦး တစ်ယောက်မျှ ဖော်ပြကြသည်ကို မတွေ့ရပေ။ (ခြွင်းချက်- ပင်မလာဂတ်တမင်မှအပ)
အာနန္ဒစန္ဒြမင်းကျောက်စာနှင့် ပက်သက်၍ ရှေးကပညာရှင်များ၏ အယူအဆကို ဖော်ပြရသော်-
ဆရာကြီးဦးစံသာအောင်၏ စာအုပ် (နှာ ၁၇၁) တွင် ပါမောက္ခ ဂျွန်စတင် က ( အေဒီ ၇၀၀-၇၀၉)ဖြစ်သည်ဟု ဖော်ပြပြီး၊ အိန္ဒိယကျောက်စာဝန်ဟောင်း ဒေါက်တာဆားက( အေဒီ ၇၂၀-၇၂၉) ဟု ရေးသားဖော်ပြသည်။
ဦးအောင်သာဦး၏ ရခိုင်ဝေသာလီခေတ် ယဉ်ကျေးမှု အတွဲ ၁ အမှတ်၁ (နှာ ၁၆) တွင်၊ “အက္ခရာသုတေသီတို့က ခရစ်နှစ်အေဒီ (၆၅၀)လောက်မှာ ရေးထိုး ခဲ့သည်ဟု ယူဆကြ၏။ ယင်းအပြင် သူ၏ခန့်မှန်းချက်ကိုလည်း (စာ.၂၂) တွင် “ခရစ်သက္ကရာဇ် ၆၈၀ ဟု သတ်မှတ်ပါက များစွာလွဲနိုင်မည်မဟုတ်ချေ” ဟု ဖော်ပြထားသည်ကိုလည်းတွေ့ရသည်။
ဆရာကြီးဦးမြင့်ဆွေ-(သက္ကတ)ကလည်း သူ၏ အယူအဆမှာ (အေဒီ ၇၁၈-၇၂၇) ခန့်မှန်းခဲ့ပြီး၊ ဒေါက်တာသန်းထွန်း သည်လည်း(၁၉၆၆)ခုနှစ် ခေတ်ဟောင်း မြန်မာရာဇ၀င်စာအုပ်၊ စာမျက်နှာ(၆၅)၌ “ ရခိုင်ခေတ်ဦး” ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ (အေဒီ ၇၂၀-၇၂၉)ဟု ယူဆခဲ့သည်။
ဆရာကြီး ဦးစံသာအောင် (အေဒီ ၇၀၅-၇၁၄) ဟု ခေတ်ပြိုင် သမိုင်းအမြင်၊ လက်ရေးလက်သား၊ ဝေသာလီခေတ် ဒင်္ဂါးများကို ကြည့်ပြီး အာနန္ဒစန္ဒြမင်းကျောက်စာ ရေးထိုးနှစ်ကို ခန့်မှန်းယူဆကာ ရေးသားဖော်ခဲ့ကြသည်။
ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းလည်း (အာနန္ဒစန္ဒြမင်းေ ကျာက်စာ တွင် ရေးထိုးတဲ့သက္ကရာဇ်မပါ ပါ၊ နာလန္ဒက ၀ါဂေါဝါမန် ကျောက် စာနှင့် လက်ရေး တူနေလို့ အဲဒီကျောက်စာ ရေးထိုးခုနှစ်ကို ယူထားတာပါ။ ကိုယ့်လူမျိုးဂုဏ်ကို တင်ရုံသက်သက်အတွက် အထောက်အထားခိုင်ခိုင်မာမာပြော၍မဖြစ်ပါ၊ ပြောလျှင်လည်း သမိုင်းမဖြစ်ပါ။) ကွန်မန့် တစ်ခုတွင် ရေးသားသည်ကိုလည်း တွေ့ရသည်။
ရခိုင်မှ ဒေသခံ သမိုင်းသုတေသီများကလည်း အာနန္ဒစန္ဒြမင်းကျောက်စာ အောက်ခြေပါ (ဧကာဒဂ့ါမဗ္ဒေ) ဟူ၍ ရေးထိုး ပါရှိသည်ကို လက်ခံကြသည်။ သို့သော်လည်း ထိုစကားရပ်ကို ကျောက်စာရေးထိုးသည့် ခုနှစ်သက္ကရာဇ်ဟု မယူဆဘဲ၊ ဘုရင့်နန်းစံနှစ်သာဖြစ်မည်ဟု မှတ်ချက်ပြုကြသည်ကို တွေ့ရသည်။
ဒေသခံ သမိုင်းသုတေသီများ၏ ယူဆခဲ့ကြသည့်အတိုင်း (ဧကာဒဂ့ါမဗ္ဒေ=၁၁ခုနှစ်) ကို အာနန္ဒစန္ဒြမင်း နန်းစံနှစ်ဟု ယူဆဖို့ကလည်း အာနန္ဒစန္ဒြမင်းကျောက်စာ(စာကြောင်းရေ ၄၅) တွင် “ပထမသံမွတရး ပြဘရိတိယာဝါန၀မာဗ္ဒာတ်”= ပထမမင်းဖြစ်သည့်နှစ်မှ ကိုးနှစ်တိုင်အောင် )ဟု ကျောက်စာရေးထိုးသည့်အချိန်တွင် အာနန္ဒစန္ဒြမင်း၏ နန်းစံနှစ်သည် (၉)နှစ် ရှိပြီဖြစ်ကြောင်း ရေးထိုးပါရှိပြီးဖြစ်သည်။
ကျောက်စာရေးထိုးသူ အာနန္ဒစန္ဒြဘုရင်မင်းမြတ်သည် ကျောက်စာရေးထိုးပြီးသောအခါ ကျောက်စာအောက်ခြေတွင် သူ၏ နန်းစံနှစ်ကိုရေးမည်လား၊ (သို့မဟုတ်) ရောက်ရှိ သက္ကရာဇ်ဖြစ်ကို ရေးထိုးမည်လားဆိုသည်ကို စဉ်းစားသော်လည်း သိနိုင်သည့်အချက်ဖြစ်သည်။
အာနန္ဒစန္ဒြမင်းကျောက်စာဟူသည်မှာ အာနန္ဒစန္ဒြမင်းကြီးသည် သူ၏ဘ၀တွင် မင်းတကာ့မင်းတို့ ပြုလုပ်နိုင်ခဲ့သော သင်္ဂါယနာတင်ပွဲပြုလုပ်သည့်အခါ ကြိုတင်ပြင်ဆင်ခဲ့ရသည်များ၊ သင်္ဂါယနာတင်စဉ် ပြုလုပ်ခဲ့ရသည်များ၊ သင်္ဂါယနာ တင်ပြီးသောအခါ ပြုလုပ်ခဲ့ရသည်များကို အသေးစိတ် ရေးထိုးမှတ်တမ်းတင်ထားသော သင်္ဂါယနာတင် မော်ကွန်း ကျောက်စာဖြစ်သည်။
အာနန္ဒစန္ဒြမင်းကြီးသည် သူ၏ဘ၀တွင် ဂုဏ်ယူဖွယ်ရာကောင်းသော သင်္ဂါယနာတင်ပွဲပြုလုပ်သည့်အခါ ပြင်ဆင်ခဲ့ရသည့် လုပ်ငန်းစဉ်များတွင် ပါဝင်သော ကျောင်း၊ သိမ်၊ လမ်း၊ တံတား၊ရေတွင်းရေကန် ၊ ရွှေဘုရား၊ငွေဘုရား ကြေးဖြူ ကြေးနီ၊ ကြေးဝါ ဘုရားဆင်းတုများ၊ သစ်သား၊ကျောက် အင်္ဂတေ ဆင်းတုများ၊မြေမီးဖုတ်ဆင်းတုများ၊ စေတီ ပုထိုးများ၊ သင်္ကန်း သပိတ် များ၊ ရွှေကြာပန်း ငွေကြာပန်း၊ လယ်မြေများ၊ ကျွန်အလှူများ၊ အနယ်နယ်အရပ်ရပ်မှ သံဃာတော်များအား ပင့်ဖိတ် ပြန်လည်ပို့ဆောင်းခြင်း စသော မော်ကွန်းတင်ထိုက်သည့် ကောင်းမှုတို့ကို နောင်လာနောက်သား နှောင်းလူတို့ သိရှိပြီး၊ သာဓုအနုမောဒနာ ခေါ်နိုင်စေရန် မော်ကွန်းကျောက်စာရေးထိုးသည့်အခါ ထို မော်ကွန်း ကျောက်စာ၌ မိမိအသက်ကို ရေးထိုးမည်လား၊ (သို့မဟုတ်) ရောက်ရှိ သက္ကရာဇ်ကို ရေးထိုးမည်းလား ဆိုသည်ကို စာဖတ်သူကိုယ်တိုင် ဆင်ခြင်သုံးသပ် နိုင်လိမ့်မည်ဟု ယုံကြည်မိသည်။
ကျောက်စာ၏ အောက်ခြေ စာကြောင်းရေ (၇၂)တွင် (သီရိကီတ္တိသံပုဏ္ဏ၀ိဇယ) ဟုရေးထိုးပါရှိသည်။ အဓိပ္ပာယ်မှာ “ကျက်သရေရှိစွာ ပေါ်လွင်ထင်ရှား၍ ပြည့်စုံစွာ ပြီးမြောက်အောင်မြင်သတည်း” ဖြစ်သည်။
စာကြောင်းရေ (၇၃)တွင် (ဧကာဒဂ့ါမဗ္ဒေ) ဟု ရေးထိုးပါရှိသည်။ (ဧကာဒဂ့ါမဗ္ဒေ)ကို ပုဒ်ခွဲသော် (ဧကာဒသမ + အဗ္ဒ) ဖြစ်သည်။ (ဧကာဒဂါ့မ) အဓိပ္ပာယ်မှာ (၁၁)ဖြစ်ပြီး၊ (အဗ္ဒ)၏ အဓိပ္ပာယ်မှာ ( ခုနှစ်) ဖြစ်သည်။
အာနန္ဒစန္ဒြမင်းကျောက်စာ အောက်ခြေတွင်ပါရှိသည့် ဂါထာမဟုတ်သော ထိုစာကြောင်းတိုနှစ်ကြောင်း မှာ ပါမောက္ခ ဆာ ရစ်ချစ်ဘန်း နှင့် ပါမောက္ခ ဂျီအိပ်(ခ်ျ) လုပ်(စ်) တို့၏ ဘာသာပြန်ခဲ့သော အင်္ဂလိပ်လိုမူတွင် လုံးဝမပါရှိပေ။
ဆက်၍ဖော်ပြအံ့။
(ဧကာဒဂ့ါမဗ္ဒေ=၁၁ ခုနှစ်) ဟူသော စကားရပ်ကို ဦးစွာ ပထမ ရေးသားတင်ပြခဲ့သူမှာ ပါမောက္ခဂျွန်စတင် ဖြစ်သည်။ ဒုတိယ တင်ပြသူမှာ ပင်မလာဂတ်တမင်ဖြစ်သည်။ သူ့၏စာတမ်း “ANCIENT ARAKAN -1976” တွင် အာနန္ဒစန္ဒြမင်းကျောက်စာအောက်ခြေပါ စာကြောင်းရေ(၇၂-၇၃) ကို အောက်ပါအတိုင်းဖော်ပြခဲ့သည်။ (72-73) In the eleventh year, Fortunate Victory(is) declared accomplished.(၁၁-ခုနှစ်တွင်၊ အောင်မြင်စွာပြီးမြောက်ကြောင်းကြေငြာ သည်။)ဟုရေးသားဖော်ပြခဲ့သည်။ (ပုံ-၃)
စာရေးသူ၏ တင်ပြချက် မှာ တတိယမြောက် ဖော်ပြချက်သာဖြစ်ပါသည်။
ဂျွန်စတင်-ပင်မလာဂတ်တမင် တင်ပြချက် တို့နှင့် စာရေးသူ၏တင်ပြချက်များ၌ ကွဲလွဲချက်မှာ ဂျွန်စတင်သည် (ဧကာဒဂ့ါမဗ္ဒေ) ဟူသော စကားရပ်ကို အင်္ဂလိပ်အက္ခရာဖြင့် မူရင်းအသံအတိုင် “Ekadasama bde” ဟု ဖော်ပြခဲ့သည်။
ပင်မလာဂတ်တမင် က “In the eleventh year” အင်္ဂလိပ်လိုဘာသာပြန်ပြီး တင်ပြခဲ့သည်။
စာရေးသူ မောင်ဖြူ(ကြွီတဲကျွန်း) သည် (ဧကာဒဂ့ါမဗ္ဒေ) ဟူသော စကားရပ်ကို အာနန္ဒစန္ဒြမင်းကျောက်စာပါ မူရင်းအက္ခရာကို ကွန်ပျူတာဖြင့် ဖော်ယူပြီး တင်ပြခြင်းတို့သာ ကွာဟကြသည်။ အဓိပ္ပာယ်မှာကား အတူတူပင်ဖြစ်ကြသည်။ (ပုံ-၄)
နိဂုံးချုပ်အနေဖြင့် စာရေးသူပြောလိုသည်မှာ အာနန္ဒစန္ဒြမင်းကျောက်စာအောက်ခြေပါ စာကြောင်းရေ(၇၃)တွင် ရေးထိုး ထား သော (ဧကာဒဂ့ါမဗ္ဒေ)သည် (ဧကာဒဂ့ါမ+အဗ္ဒ= ၁၁ ခုနှစ်)ကို ဆိုလိုခြင်း ဖြစ်သည်။
ထို့ကြောင့် အာနန္ဒစန္ဒြမင်း ကျောက်စာ ရေးထိုးသည့်ခုနှစ်မှာ ရခိုင်ဝေသာလီ သက္ကရာဇ် (၁၁ ခုနှစ်) ဖြစ်ကြောင်း မှတ်ချက်ပြုလိုသည်။
အာနန္ဒစန္ဒြမင်းကျောက်စာတွင် ရေးထိုးနှစ်မပါ ဟူ၍လည်းကောင်း ၊ အာနန္ဒစန္ဒြမင်းကျောက်စာကို ( အေဒီ ၇၂၉) တွင် ရေးထိုးသည်ဟူ၍လည်းေ ကာင်း၊ (အေဒီ -၇၀၉) တွင် ရေးထိုးသည်ဟုလည်းကောင်း ယူဆကြလျှင် ပါမောက္ခဂျွန်စတင် ရေးသား ခဲ့သော သက္ကတမူ၌ ဖော်ပြထားသည် “Ekadasama bde” (သို့) ဆာ ရစ်ချစ်ဘန်း နှင့် ပါမောက္ခ ဂျီအိပ်(ခ်ျ) လုပ်(စ်) ဘာသာမပြန်ဘဲ ချန်ထားခဲ့ကြသည့် အာနန္ဒစန္ဒြမင်း ကျောက်စာ ကြောင်းေ ရ(၇၃)ပါ (ဧကာဒဂ့ါမဗ္ဒေ= ဧကာဒဂ့ါမ +အဗ္ဒ= ၁၁ ခုနှစ်) ဟူသော စကားရပ်ကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆို ကမည်နည်း၊
အာနန္ဒစန္ဒြမင်းကျောက်စာအတွက် အထူးဝမ်းနည်းစရာကောင်းသည်မှာ ကျောက်စာပါ ပထမမင်းဆက်မှ မင်း(၁၅)ပါးသည် နန်းလည်းမဟိ၊ ပြည် လည်းနတ္ထိ ဖြစ်နေကြသော မင်းဆက်ဖြစ်သည်။ အာနန္ဒစန္ဒြမင်းေ ကျာက်စာတွင် မင်းအမည်၊ နန်းစံနှစ်အတိအကျ ပါရှိသော်လည်း ထိုမင်းများသည် ရခိုင်သမိုင်းသုတေသီေ လာကတွင်လည်းကောင်း၊ ရခိုင်ရာဇ၀င် လောကတွင်လည်းကောင်း နန်းမဟိ၊ ပြည်မရ သောမင်းများအဖြစ် ယနေ့တိုင်ရှိနေကြဆဲဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဝေသာလီကို စတင်တည်ထောင်သူမှာ ဒွေစန္ဒြမင်းဖြစ်သည်ဟု ပညာရှင်များနှင့်တကွ သုတေသီများ က လက်ခံထားကြ ကြောင့် ထိုမင်းများသည် ဝေသာလီမင်းများလည်းမဟုတ်သလို ဓည၀တီမင်းများလည်း မဟုတ် ဖြစ်နေကြသည်။ ရာဇ၀င်နှင့် ကျောက်စာပါမင်းတို့ကို တစ်ချို့သော သုတေသီများက ဆက်စပ်ပြကြသော နန်းစဉ်စာရင်း ဘုရင်များစာရင်းတွင်လည်း အာနန္ဒစန္ဒြမင်း ကျောက်စာပါ မင်းဆက်များထဲမှ မိမိလိုရာ မင်းတို့ကိုဆွဲယူပြီး ဖော်ပြကြသည့်အခါလည်း ထိုပထမမင်းဆက်မှ မင်း(၁၅ )ပါးကို ချန်လှပ် ကာ ရေးသားဖော်ပြကြသည်။
ဒွေစန္ဒြမင်းဆိုသည် အာနန္ဒစန္ဒြမင်းကျောက်စာပါ မင်းဆက်သုံးဆက်မှ ဒုတိယမင်းဆက်၏ ပထမမင်းတစ်ပါးသာဖြစ်သည်။ သူ့ရှေ့တွင် ကျောက်စာ၌ မင်း(၁၅)ပါး ရှိနေသေးသည်။
ယခုလည်း အာနန္ဒစန္ဒြမင်းကျောက်စာတွင် စာကြောင်းရေ (၇၃ )ကြောင်း ပါရှိသော်လည်း ဆာ ရစ်ချစ်ဘန်း နှင့် ပါမောက္ခ ဂျီအိပ်(ခ်ျ) လုပ်(စ်)သည် ကျောက်စာကြောင်းရေ(၇၁)ကြောင်း၊ ဂါထာ(၆၅)ပိုဒ်သာ အင်္ဂလိပ်လို ဘာသာပြန်ခဲ့သောကြောင့် ကျန်နေခဲ့သော ကျောက်စာ အောက်ခြေပါ စာကြောင်းရေ(၇၂-၇၃) စာကြောင်းတို့မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း(၇၇) နှစ်ထိ ပညာရှင်တို့၏ အသိအမှတ်ပြုခြင်းကို မခံရဘဲ၊ ဂျောင်ထိုးခံထားရနေဆဲ ရှိနေပါကြောင်း တင်ပြလိုက်ရပါသည်။
မောင်ဖြူ (ကြွီတဲကျွန်း)
No comments:
Post a Comment