မြောက်ဦးခေတ်ဘုရင်တို့သည် တိုင်းသူပြည်သားများ စိုက်ပျိုးထွက်ရှိလာသော ထုတ်ကုန်သီးနှံများကို အရောင်းအ၀ယ်ပြုလုပ်ကြရာတွင် ရွှေမျဉ်းဓမ္မသတ်တော်အတိုင်း ဆိုင်ရာဆိုင်ရာ အုပ်ချုပ်သူ ခရိုင်မင်းနှင့် ရပ်ကွက်စာတိုင်များအား ဗားဘူစာရလူကြီးက ကြပ်မတ်လျှက် ဆောင်ရွက်ကြဖို့ အမိန့်အာဏာတော် ထုတ်ပြန်ထားလေသည်။
ယင်းအမိန့်တော်အတိုင်း အသီးသီးသော ခရိုင်ဝန်မင်းများနှင့်တကွ ရပ်ကွက်စာတိုင်တို့သည် မိမိတို့အုပ်ချုပ်လျက်ရှိသော အရပ်သူအရပ်သားတို့အား လယ်လုပ်ရာတွင် ကုန်ကျသော ငွေကြေးစရိတ်အားလုံးကို မေးမြန်းစီစစ်လျက် စာရင်းပြုစုကာ ခရိုင်မင်းနှင့်တကွ အချုပ်သူကြီးထံသို့ ရပ်ကွက်စာတိုင်က စာရင်းပေးပို့ကြရသည်။
ယင်းသို့ပို့ဆက်လာသော စာရင်းတွင်ပါရှိသော ကုန်ကျစရိတ်ငွေကြေးများနှင့်တကွ အလုပ်သမား၊ လုပ်ငန်းအတိုင်းအတာတို့ကို စစ်ဆေးပြီးနောက် ထင်မြင်သည့် မှတ်ချက်ပေး၍ နိုင်ငံတော်၌ အချုပ်သူကြီးဖြစ်သော ဗားဘူစာရ ပြည်စိုးကြီးထံသို့ ပို့ဆက်ပေးရလေသည်။ ဗားဘူစာရပြည်စိုးကြီးက စာလွှာမှာပါသည့်အတိုင်း ဆိုင်ရာရပ်ကွက်စာတိုင်တို့နှင့် လယ်ယာလုပ်ကိုင်သူ လယ်သမားများအား ပြည်သူ့အကျိုးတော်ဆောင်ဘဏ္ဍာငွေမှ လိုအပ်သော ဘဏ္ဍာငွေကိုများကိုထုတ်ယူပြီးလျှင် ချေးငွေ ထောက်ပံ့နိုင်ရန် ခရိုင်ဝန်မင်းနှင့်တကွ ရပ်ကွက်စာတိုင်များထံသို့ ဆက်လက်ဆောင်ရွက်ဖို့ တာဝန်ပေးလိုက်လေသည်။
ထိုထုတ်ချေးလိုက်သော ငွေများကို တောင်သူလယ်သမားများက (၁၀၀)လျှင် (၅)အသပြာနှုန်းဖြင့် (အများပြည်သူဆိုင်ရာ ဘဏ္ဍာတော်တိုက်ငွေစာရင်း) သို့ ပေးသွင်းကြရလေသည်။ တောင်သူလယ်သမားများသည် သီးနှံများစိုက်ပျိုးကြပြီးလျှင် ရာသီအလိုက် ရိတ်သိမ်းရရှိသော သီးနှံများကို စုပြီး ထား ရလေသည်။ ယင်းသို့ စုပုံထားသော သီးနှံများကို သက်ဆိုင်ရာ ခရိုင်လူကြီးများနှင့် စာတိုင်တို့က တာဝန်ရှိသူများအတူ သီးနှံများကို ချိန်တွယ်၍ ၀မ်းစာ၊ မျိုးစေ့တို့ကို ထုတ်နှုတ်၍ ၊ ကျန်သော သီနှံများမှ ဘုရင့်ဘဏ္ဍာတော်အဖြစ် ဆယ်ခိုင်တစ်ခိုင် ခရိုင်ဝန်ထံသို့ ပေးသွင်းကြရလေသည်။ ဆယ်ခိုင်တစ်ခိုင်ပေးသွင်းရသော သီးနှံအရပ်ရပ်တို့ကို ဘုရင့်ကျီတော်သို့ ဆက်သွင်းပို့ဆောင်ရလေသည်။
ရောင်ချမည့်သီးနှံတို့ကို ရပ်ကွက်စာတိုင်တို့နှင့် အရပ်လူကြီးတို့မှ ကြီးကြပ်၍ မိမိတို့ ရပ်ရွာနေအိမ်တို့၌ စပါးတိုက်ကျီဆောက်လုပ်ပြီး ကောင်းစွာထိမ်းသိမ်းထားကြရပြီးနောက် ရောင်းချရန်အရေအတွက်တို့ကို ခရိုင်မင်းနှင့်တကွ အချုပ်သူကြီးထံသို့ စာရင်းပြုစုပြီး နေပြည်တော်ရှိ ဗားဘူစာရ ပြည်စိုးကြီးထံသို့ နိုင်ငံအ၀ှန်းမှ တင်ပို့ပေးကြရလေသည်။
ထို့သို့ ပြုစုရရှိထားသော မိမိတိုင်းပြည်၏ လယ်ယာထွက်ကုန်သီးနှံများကို ဘုရင်တစ်ဦးတည်း၏ ဆန္ဒ အမိန့်အာဏာဖြင့် ရောင်းချခြင်းမျိုးမဟုတ်ဘဲ ၊ နိုင်ငံတစ်ဝှန်းလုံးရှိ ခရိုင်မင်းအသီးသီးနှင့် ဗားဘူစာရပြည်စိုးကြီးတို့က အစည်းအဝေးပြုလုပ်ပြီးလျှင် ယခုနှစ်ထွက်ရှိသော လယ်ယာထွက်ကုန်များကို မည်သည့်ဈေးဖြင့် ရောင်းချရမည်ဖြစ်ကြောင်း နိုင်ငံတစ်ဝှန်းလုံးသို့ ကြေငြာမောင်းခတ်လေသည်။
ယင်းသို့ ကြေငြာမောင်းခတ်သောသတင်းကို ကြားသိရေသောအခါ ပြည်တွင်းကုန်သည်များနှင့် နိုင်ငံခြားမှ ရောက်ရှိလာကြကုန်သော ပြည်ပကုန်သည်တို့က ၄င်းတို့ဝယ်ယူလိုသော သီးနှံအလိုက် ဈေးနှုန်းအတိုင်း ၀ယ်ယူလိုကြောင်း ဗားဘူစာရပြည်စိုးကြီးထံသို့ စာရင်းတင်ကြရလေသည်။
ကုန်သည်များ၏ ၀ယ်လိုအားစာရင်းကို ရရှိသောအခါ မြို့တော်ဆိပ်ကမ်းသို့ တင်ဆောင်ပို့ယူရန်အတွက် ပြည်ကျိုးဆောင် ဒိုင်းကျီအစို့ ကတိုးသူကြီးထံ အမိန်နာခံပြီးလျှင် ဒိုင်းကျီး ကတိုးသူကြီးက ဒိုင်းကျီအလုပ်သမားများနှင့် လှေလောင်းစုံလင်စွာဖြင့် ယူဆောင်ပြီးလျှင် သိုလှော င်ထားသော လယ်ယာထွက်ကုန်သီးနှံများကို ယူဆောင်စေလျက် ရောင်းချစေသည်။ ၀ယ်ယူလိုသော ကုန်သည်များကလည်း ၄င်းတို့ဝယ်ယူသော သီးနှံများကို ရရှိကြောင်း စာချုပ်စာတမ်းများ၌ လက်မှတ်ထိုးကြရလေသည်။
ရောင်းဝယ်သည့်အခါ ကြိုတင်သတ်မှတ်ထားသည့်ဈေးအတိုင်း ကုန်သည်တို့အား ရောင်းချပြီး အကျိုးဆောင်ခအဖြစ် အကောက်တော်(၁၀၀) လျှင် နှစ်သွဂါကျနှုန်းဖြင့်သော်လည်းကောင်း၊၀ါဂွမ်းကို သုံးသွဂါဖြင့်လည်းကောင်း ဒိုင်းကျီသမားတို့၏ လုပ်အားခကိုပါ တွက်ချပြီးနောက် သင်္ဘောစာတိုင်က ဗားဘူစာရ ပြည်စိုးကြီးထံသို့ ပို့ရလေသည်။
လယ်ယာထွက်ကုန်သီးနှံများ ၀ယ်ယူသော ကုန်သည်များသည် ဘုရင်မင်းထံသို့ ပေးချေရမည့်ငွေများကို ပြည်စိုးကြီးထံသို့ ပေးသွင်းကြရလေသည်။ ထိုကုန်သည်တို့မှ ပြည်စိုးကြီးက စာချုပ်ပါငွေများ အကုန်အစင်ရရှိကြောင်း တံဆိပ်တော်လက်မှတ်ရေးထိုးလျက် ငွေရပြေစာ လက်မှတ်ကို ကုန်သည်တို့အား ပေးအပ်လိုက်သည်။
ထို့နောက် သင်္ဘောဆိပ်တွင် ဆိုက်ကပ်လျက်ရှိသော သင်္ဘောဆိုင်ရာ အုပ်ချုပ်သူများထံသို့ ရေတံခါးမင်းသည် တိုင်းတစ်ပါးမှ ရောက်ရှိလာသော သင်္ဘောများပေါ်သို့ တက်ရောက်၍ ပစ္စည်းစာရင်းမှန်မမှန် စစ်ဆေးပြီးမှ ဆိပ်ကမ်းမှ ထွက်ခွာရန် အမိန့်ချမှတ်လေသည်။
ကုန်သည်သင်္ဘောတို့သည် မြောက်ဦးမြို့ ဆိပ်ကမ်းမှ မထွက်ခွာမီ လမ်းခရီးအကြား၌ စားနပ်ရိက္ခာနှင့် လိုအပ်သောပစ္စည်းများကို လုံလောက်စွာဖြည့်ဆည်းပေးရန် ဒိုင်းကျီသူကြီးက တာဝန်ယူ ပြုလုပ်ပေးရသည်။ သင်္ဘောကုန်သည်တို့ လမ်းခရီး၌ လိုအပ်သော သောက်ရေကို ဒိုင်းကျီရေကန်ကြီးမှ ဒိုင်းကျီအလုပ်သမားတို့ဖြင့် ထွက်ခွာမည့် သင်္ဘောပေါ်သို့ တင်ဆောင်ပေးကြရလေသည်။
ရောင်းချ၍ ရသောလယ်ယာထွက်ကုန်သီးနှံပစ္စည်းများ၏တန်ဘိုးကို စာရင်းပြုစုပြီးလျှင် ဆိုင်ရာရပ်ကွက်စာတိုင်များနှင့်အတူ သက်ဆိုင်ရာကျေးရွာများသို့ သွားရောက်ပြီးလျှင် တောင်သူလယ်သမားများ ကြိုတင်ထုတ်ယူ သုံးစွဲထားသော ငွေကိုထုတ်နှုတ်ယူပြီး ကျန်ငွေကို ပြည်ပကုန်သည်များသို့ ရောင်းချ၍ရသော ငွေဈေးနှုန်းအတိုင်း (အများပြည်သူဆိုင်ရာ ဘဏ္ဍာတော်တိုက်ငွေစာရင်း) သို့ ငွေ(၁၀၀)လျှင် (၅)အသပြာ နှုန်းဖြင့် ပေးသွင်းကြပြီးမှ ကျန်ငွေကို တောင်သူလယ်သမားများအား ပေးအပ်လေသည်။
ဤသို့အားဖြင့် မြောက်ဦးခေတ်ရခိုင်ဘုရင်များ လက်ထက် ကုန်ရောင်းကုန်ဝယ်ပြုရာ၌ ကုန်သည်သင်္ဘောတို့ စည်ကားစွာရှိခဲ့လေရာ ယနေ့တိုင် မကွယ်မပျောက်ရှိနေခဲ့သော နေရာများမှာ ပြည်ပသင်္ဘောများ ထွက်ခွာရန်အတွက် စစ်ဆေးရန် အာဏာကုန်ရသော ရေတခါးမင်းနေခဲ့သောအရပ်ကို တန်ခိုးကျွန်းဟူ၍လည်းကောင်း၊ အနယ်နယ်အရပ်ရပ်မှ လောင်းလှေတို့ဖြင့် စပါး ၊ ၀ါဂွမ်းတို့ စုပုံထားခဲ့သော နေရာကို စပါးထား၊ ၀ါပုံ (၀ါဗို) ကျွန်းဟူ၍လည်းကောင်း၊ ရောင်းချခဲ့သည့် နေရာများကို ၀ါဈီး(၀ါဈေး)၊ စပါးများ အတင်အချ ပြုလုပ်ခဲ့သည့်နေရာကို စပါးဆိပ်ဟူ၍လည်းကောင်း၊ ခေါ်တွင်လျှက်ရှိနေကြသေးသည်။
နိုင်ငံခြားသင်္ဘောများ ပြည်လည်ထွက်ခွာသည့်အခါ လမ်းခရီး၌ ရေမိုးလုံလောက်စွာ ပေးနိုင်ရန်အတွက် ဘုရင်ကိုယ်တိုင် ကန်တော်တူး၍ ထားပေးခဲ့ပြီး၊ ယင်းကန်မှ ရေများကို ဒိုင်းကျီအလုပ်သမားများတင်ပေးခဲ့သောကြောင့် ဒိုင်းကျီကျွန်း၊ ဒိုင်းကျီကန် ဟူ၍ ယနေ့တိုင်ခေါ်ဝေါ်နေကြသေးသည်ကိုတွေ့ရသည်။
သီရိသုဓမ္မရာဇာမင်းလက်ထက်(အေဒီ ၁၆၂၂-၁၆၃၈) တွင်
ရခိုင်ငွေဒင်္ဂါး(၁) ခပ်၏ တန်ဘိုးမှာ ပေါ်တူဂီဒင်္ဂါး(ရီလ်စ်) ၄ ပြား၊
အင်္ဂလိပ်ဒင်္ဂါး ( ၇ ပေါင် ၁၀ သျှီလင်) တန်ကြေးရှိသည်။
ကျွန်တစ်ယောက်၏ တန်ဘိုးမှာ(၁၀ ဖလော်ရင့်)မှ ၃၀ ဖလော်ရင့် ထိ ပေါက်ဈေးရှိသည်။ (၁ ဖလော်ရင် = ၁ သျှီလင် ၈ ပဲနိ) နှင့်ညီမျှသည်။
စန္ဒသုဓမ္မရာဇာမင်းလက်ထက်(၁၆၅၂-၁၆၇၄) ၌
ရခိုင်ဒင်္ဂါး(၁)ခပ်သည် ဒတ်(ခ်ျ) ဒင်္ဂါး Sous ဆော(အ်) ၂၅ ပြားနှင့် ညီမျှသည်။
ဆင်တစ်ကောင်၏ တန်ဘိုးမှာ ရခိုင်ဒင်္ဂါး (၁၃၀၀/၁၄၀၀)ခပ် ပေါက်ဈေးရှိသည်။
ကျွန်တစ်ယောက်ကို ရခိုင်ဘုရင်သည် ရခိုင်ဒင်္ဂါးဆယ်ခပ် အခွန်ကောက်သည်။
ရခိုင်ဒင်္ဂါး(၁)ခပ်လျှင် ကြက်အကောင်း (၃၀)ရသည်။
မောင်ဖြူ(ကြွီတဲကျွန်း)
No comments:
Post a Comment