Thursday, October 28, 2021

စူလမဟာရာဇာ ဒင်္ဂါးသည် ဝေသာလီဒင်္ဂါးလော့၊ မြောက်ဦေးခတ် ဒင်္ဂါးလော့

  



စူလမဟာရာဇာ ဒင်္ဂါးကို ရှာဖွေရာတွင်  အရွယ်အစားအားဖြင့် နှစ်မျိုးတွေ့ရှိရသည်။ ဒင်္ဂါးပြားများသည် ငါးမူးပြား  နှင့် တစ်မတ်ပြားများဖြစ်မည်ဟု ယူဆရသည်။ ဒင်္ဂါးတွင်ပါသည့် စာလုံးများမှာ တူညီသော်လည်း လက်ရေးအားဖြင့် မတူကြပေ။ ထိုဒင်္ဂါးနှစ်မျိုး စလုံးတွင် ရက္ခ၀ဏတစ်ဘက်၊ ပါရှန်စာတစ်ဘက် ရေးထိုးထားသည်။ ရေးထိုးထားသည်မှာ စူလမဟာရာဇာ ဖြစ်သည်။ (ပုံ-၀၀)               

စူလမဟာရာဇာဒင်္ဂါးကို    ဆရာကြီးဦးစံသာအောင်၏ ရခိုင်ဒင်္ဂါးများစာအုပ် (အခန်း ၆၊ စာ- ၂၇)တွင် [ဝေသာလီ ဒင်္ဂါးများ နောက်၌ အစောဆုံးတွေ့ရသော ရခိုင်ဒင်္ဂါးမှာ  စူလမဟာရာဇာ ဒင်္ဂါးပင်ဖြစ်သည်။ ရခိုင်ရာဇ၀င်တွင် ဤအမည်ကိုခံယူသော မင်းကိုရှာဖွေရာ  ဝေသာလီနှောင်းခေတ် နောက်ဆုံးမင်း၏ အမည်ကိုသာတွေ့ရသည်။ ယင်းမင်းမှာ ရာဇ၀င်အလိုအရ စူလစန္ဒြားပင်ဖြစ်၏။ သက္ကရာဇ် ၉၅၇  အေဒီတွင် တကောင်းပြည် သင်းတွဲမြို့မှ အပြန်  မော်တင်စွန်း နဂါးရစ်အငူတွင်  သဘောင်္ပျက်၍ နတ်ရွာလားခဲ့သည်။ ဒင်္ဂါး၏ရင်ဖက်တွင် စူလမဟာရာဇာ ဟူ၍ မြန်မာအက္ခရာဖြင့် ရေး ထိုးထားပြီးလျှင် ကျောဘက်တွင် နာဂရီအက္ခရာဖြင့်  စာခတ်နှိပ်ထားသည်။  သက္ကရာဇ်ထိုး မပါချေ။  စူလကို ရေးရာ၌ (စ) အက္ခရာအရေးအသား သည် မြောက်ဦးခေတ် အရေးအသားမဟုတ်သည်မှာ ထင်ရှားသည်။ သို့ရာတွင် (လ၊ မ၊ ဟ နှင့် ရ ) တို့သည်ကောင်း၊ သရ (-ာ) ရေးချသည်လည်းကောင်း မြောက်ဦးခေတ်အရေးအသားနှင့် တူ၏။ ဤဒင်္ဂါးသည် မြောက်ဦး ခေတ် ဒင်္ဂါးမဟုတ်ကြောင်း ထင်ရှားပါသည်။ အကယ်၍ ဤဒင်္ဂါးသာ စူလစန္ဒြဒင်္ဂါးဖြစ်ခဲ့သော် ရခိုင်ပြည်တွင် ယခုခေတ် မြန်မာအက္ခရာကို အသုံးပြုလာသည်မှာ ခရစ်သက္ကရာဇ် ၁ဝ၀၀ မတိုင်မီကပင် ဖြစ်ကြောင်း သက်သေတစ်ခု ရရှိပါမည်။ ဒင်္ဂါးပုံကို [ ပုံ-၁၉] အဖြစ်ဟု ဖော်ပြထားသည်။

စူလမဟာရာဇာ ဒင်္ဂါးကို ရခိုင်သမိုင်းအလင်းပြကျမ်း (စာ-၁၀၂၃ ၊ ပုံ ၁၅) ၌ (အေဒီ ၉ ရာစု ၁၀ ရာစု) ဝေသာလီ ခေတ် “ကုလမဟာရာဇာ” ဒင်္ဂါးဟု ဖြော်ပသည်။

စူလမဟာရာဇာဒင်္ဂါးကို ရခိုင်ဝေသာလီခေတ်ဒင်္ဂါးများ၏ နောက်ဆုံးဒင်္ဂါးဖြစ် သည်ဟု ဖော်ပြကြပြီး၊ ဒင်္ဂါးပါမင်းအမည် “စူလ မဟာရာဇာ” ကိုလည်း ရခိုင်ရာဇ၀င်ပါ “စူလစန္ဒြမင်း” ဖြစ်သည်ဟု ထပ်တူပြု ရေးသားဖော်ပြကြသည်မှာ ခိုင်လုံသော အကြောင်းပြချက် တစ်ရပ်မဟုတ်ဟု ယူဆသည်။ 

ဒင်္ဂါးပါ “စူလမဟာရာဇာ”မင်းအမည်နှင့် ရခိုင်ရာဇာဝင်လာ“စူလစန္ဒြမင်း” မင်းအမည်ကို ရခိုင်ဝေသာလီခေတ် မင်းဟု ပြောကြသော်လည်း  ဝေသာလီခေတ်မင်းများကို မှတ်တမ်းတင်ထားခဲ့သည့် (အေဒီ ၆၄၉ ခုနှစ်)က ရေးထိုးသော အာနန္ဒ စန္ဒြမင်း ကျောက်စာ၌ ထိုမင်းအမည် ရေးထိုးပါရှိသည်ကို မတွေ့ရပေ။ ယင်းအပြင် ဝေသာလီခေတ်၌ ပါရှန်စာဖြင့် ရေးထိုး ထားသောကျောက်စာ ယနေ့တိုင် မတွေ့ရသေးလို၊ ဝေသာလီခေတ်၌ ကမ္ဘာမြေပေါ်မှ အိန္ဒိယတိုက်ငယ်တွင်  ဆူလတန် အင်ပါယာကို  အလ္လာလ် က ဖန်ဆင်းထားခြင်းလည်း မရှိသေးချေ။

             မေဦးသိန်းညွှန့်၏ ဂစ္ဆပ အဉ္စန သမိုင်းစာပန်းချီ (အမှတ်-၂၊ စာ ၄၆ )တွင်  မြောက်ဦးခေတ် အနောက်ဘုရင်ဟု ဒင်္ဂါးဟုဖော်ပြသည်။

                            အိန္ဒိယ ဒင်္ဂါးသုတေသီ မီချီနာရေးသားသော ဒင်္ဂါးစာအုပ်၊ (စာမျက်နှာ -၁၃၅/ပုံ ၃၂၅၊၃၂၆၊၃၂၇) စူလမဟာရာဇာဒင်္ဂါးပုံများကို ဖော်ပြထားသည်။  စူလမဟာရာဇာဒင်္ဂါးပါ ရက္ခ၀ဏအက္ခရာကို “ စူလ/မဟာ/ရာဇာ= Sula /Maha/ Raza ” ဟူလည်းကော်း၊ ပါရှန်စာ ကို “ ဆူလတန် ဟာလလ်သျှာခါလဒ် = Sultan/Halal Sha/ h Khalad ” ဟု ဖတ်ရှုထား၏။ ခုနှစ်သက္ကရာဇ်ကို (အေဒီ ၁၅၉၇-၁၅၉၉) ဟုဖော်ပြထားသည်။

 

 စူလမဟာရာဇာဒင်္ဂါး၌  ရက္ခ၀ဏအက္ခရာ တစ်ဘက်၊ ပါရှန်စာ တစ်ဘက် ရေးထုံးမျိုးကို  မြောက်ဦးဘုရင်များသည်လည်း ကောင်း၊ အနောက်ဘင်္ဂလားဒေသကို အုပ်ချုပ်ခဲ့သော အနောက်ဘုရင်ခံများခပ်နှိပ်ခဲ့သော ဒင်္ဂါးများ၌ ရေးထိုးခပ်နှိပ်ကြ သည်ကို တွေ့ရသည်။

အဘယ်ကြောင့် ယင်းသို့ ပါရှန်စာဖြင့် ရေးထိုးကြသနည်းဟူမူကား - ယင်းခေတ်ယင်းအချိန်က  စူလတန်အင်ပါယာသည်  အိန္ဒိယတိုက် တွင် ကွတ်အူဒင်အိဘက်မင်း (Qutb ud-Din Aibak ၁၂၀၆-၁၂၁၀) မှ အီဗရာဟင် လိုဒီမင်း -Ibrahim Lodi )( ၁၅၁၇-၁၅၂၆ )အထိ ကြီးကျယ်ခမ်းနားခဲ့သော အင်ပါယာတစ်ခု ဖြစ်ခဲ့သည်။ ဆူလတန်အင်ပါယာဘုရင်များသည် ပါရှန် အက္ခရာ ထိုး ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး၊ ကြေးဒင်္ဂါးများကို ခပ်နှိပ်ထုတ်ခဲ့ကြသည်။

ထိုကဲ့သို့ အင်အားကြီး နယ်မြေကျယ်ပြန့်သော အင်ပါယာတိုင်းပြည်ကြီးတစ်ခုနှင့် နယ်နမိတ်ချင်း ထိစပ်နေသော ရခိုင်ပြည် သည် မိမိတို့၏ အနောက်ဘင်္ဂလားအုပ်ချုပ်ရေးနယ်မြေဒေသအတွင်းရှိ လူမျိုးများနားလည်စေရန် မြောက်ဦးဘုရင် များဖြစ် ကြသော ဘစောဖြူ မင်း(အေဒီ - ၁၄၅၈)ဒင်္ဂါး၊ မင်းဒေါလျာ(အေဒီ ၁၄၈၂-၁၄၉၂)ဒင်္ဂါး၊ စလင်္ကာသူ(ခ) သိင်္ဂသူ(အေဒီ ၁၄၉၄-၁၅၀၁)ဒင်္ဂါး၊ မင်းရာဇာ(အေဒီ ၁၅၀၁-၁၅၁၃)ဒင်္ဂါး၊ ဂဇာပတိမင်း(အေဒီ  ၁၅၁၃ - ၁၅၁၅)ဒင်္ဂါး၊ သဇာတမင်း (အေဒီ ၁၅၁၅-၁၅၂၁) ဒင်္ဂါး၊ မင်းဘာကြီး (အေဒီ ၁၅၃၁-၁၅၅၃)ဒင်္ဂါး၊ မင်းဖလောင်း (အေဒီ ၁၅၇၁-၁၅၉၃) ပထမအကြိမ်ခပ် နှိပ် သောဒင်္ဂါး၊ တို့တွင် နှစ်ဘက်စလုံး၌ ပါရှန်စာကို ရေးထိုးခပ်နှိပ်ခဲ့ကြပြီး၊ ဘင်္ဂလားဒေသကို အုပ်ချုပ်ရန် ခန့်အပ်သော အနောက်ဘုရင်ခံများ ခပ်နှိပ်ခဲ့သော ဒင်္ဂါးများတွင်လည်း ပါရှန်စာသီးသန့်ဖြင့် ဒင်္ဂါးများကို ခပ်နှိပ်ခဲ့သည်ကို တွေ့ရှိရ သည်။

မြောက်ဦးခေတ် အစောပိုင်းဘုရင်များသည်  ဒင်္ဂါးခပ်နှိပ်သည့် နည်းပညာကိုလည်း ဆူလတန်အင်ပါယာမှ ရရှိခဲ့မည်ဟု ယူဆရသည်။ အဘယ်ကြောင့် ထိုသို့ယူဆရသနည်းဟူမူကား “စူလမဟာရာဇာဒင်္ဂါး”တွင် ပါရှန်စာဖြင့် ရေးထိုးထားရာ၌ ဆူလတန်(Sultan) ဟူသော စကားရပ်ကြောင့်ဖြစ်သည်။

ယင်းခေတ်ယင်းအချိန်က ပါရှန်စာသည်  အိန္ဒိယတိုက်နယ် တစ်ခုလုံးသာမက တောင်အာရှဒေသတစ်ခုလုံး၌ သုံးစွဲနေ ကြသော စာပေတစ်ခုဖြစ်သည်။

ဆူလတန်အင်ပါယာသည် (အေဒီ ၁၅၂၅)တွင် ပြိုကွဲသွားပြီးနောက် အိန္ဒိယတိုက်တွင် မဂိုအင်ပါယာကို ပေါ်ထွန်းလာသည်။ မဂိုအင်ပါယာကို စတင်တည်ထောင်သူ ဘာဘူရ်(အေဒီ ၁၅၂၆ -၁၅၃၀) မှ နောက်ဆုံးမင်းဖြစ်သော ဘဟာဒူသျှား(အေဒီ ၁၈၃၇-၁၈၅၇)အထိ မဂိုဧကရာဇ်ဘုရင်များ သည် သူတို့ ခပ်နှိပ်ခဲ့သော ရွှေဒင်္ဂါး ငွေဒင်္ဂါး၊ ကြေးဒင်္ဂါးများ၌ ဒေသသုံးဖြစ်သော ပါရှန်စာဖြင့် ရေးထိုးခပ်နှိပ်ကြသည်။

ထိုနည်းတူ မဂိုအင်ပါယာနှင့် ခေတ်ပြိုင်ရှိနေခဲ့သော မြောက်ဦးဘုရင်များသည်လည်း မဂိုအင်ပါယာနှင့် နယ်နမိတ်ချင်း ထိစပ်နေ သောကြောင့် ထိုအင်ပါယာနှင့် စီးပွားရေး လုပ်သောအခါ ထိုဒေသနေ လူမျိုးများနားလည်စေရန်သာမက၊ ရိုးမအရှေ့ဘက်မှ လူမျိုးများပါ နားလည်စေရန် ရခိုင်စာတစ်ဘက် ပါရှန်+ဘင်္ဂလီစာတစ်ဘက်ဖြင့်  သူတို့ခပ်နှိပ်သည့် ဒင်္ဂါးများတွင် ထည့်သွင်း ခပ်နှိပ် ကြခြင်းဖြစ်သည်။

အိန္ဒိယကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက်  အင်္ဂလိပ်တို့ ခပ်နှိပ်ခဲ့သော ရွှေဒင်္ဂါး ငွေဒင်္ဂါးများနှင့် ငွေစက္ကူများ တွင်လည်း အင်္ဂလိပ်စာအပြင် ပါရှန်စာနှင့် အခြားဘာသာစာများကိုပါ ထည့်သွင်းရေးထိုး ခပ်နှိပ်နေကြသေးကိုတွေ့ရသည်။

      မြောက်ဦးခေတ် ရှာဖွေတွေ့ရှိထားပြီးသော မြောက်ဦးဘုရင်များခပ်နှိပ်ခဲ့သော ဒင်္ဂါးသက်သေအထောက်အထားများ အရ  စူလမဟာရာဇာဒင်္ဂါး ကဲ့သို့ “ရက္ခ၀ဏအက္ခရာ တစ်ဘက်၊ ပါရှန်+ဘင်္ဂလီစာ တစ်ဘက်” ရေးထိုးခပ်နှိပ်သော ဒင်္ဂါးများကို မင်းဖလောင်း (အေဒီ ၁၅၇၁-၁၅၉၃) ဒုတိယအကြိမ် ခပ် နှိပ် သောဒင်္ဂါး၊ မင်းရာဇာကြီးဒင်္ဂါး ( အေဒီ ၁၅၉၃-၁၆၁၂) ဒင်္ဂါးနှစ်မျိုး၊  မင်းခမောင်း(အေဒီ ၁၆၁၂-၁၆၂၂) ဒင်္ဂါးသုံးမျိုး၊ သီရိသုဓမ္မရာဇာ(အေဒီ ၁၆၂၂-၁၆၃၈) ပထမအကြိမ်ခပ်နှိပ်သောဒင်္ဂါးတို့ဖြစ်ကြသည်။ (ပုံ-၂)

 


 

 ဘင်္ဂလားဒေသကို အုပ်ချုပ်ရန် ခန့်အပ်သော အနောက်ဘုရင်ခံများ ခပ်နှိပ်ခဲ့သောဒင်္ဂါးများတွင်  “ရက္ခ၀ဏအက္ခရာ တစ်ဘက်၊ ပါရှန်+ဘင်္ဂလီစာ တစ်ဘက်” ရေးထိုးခပ်နှိပ်ကြသည်ကိုတွေ့ရသည်။ (ပုံ-၃) 

 

                              

ထို့ကြောင့်    စူလမဟာရာဇာဒင်္ဂါးသည်  အထက်တွင်ဖော်ပြခဲ့သလို ဝေသာလီခေတ်ဒင်္ဂါးလော့၊ မြောက်ဦခေတ် ဒင်္ဂါးလော့ဆိုသည်ကို ခေတ်ပြိုင်ဒင်္ဂါးများနှင့် နှိုင်းယှဉ်ပြထားသည်ကို  ကြည့်လိုက်ခြင်းအားဖြင့် ကွဲကွဲပြားပြား သိနိုင်ကြပါစေဟု ရေးသားတင်ပြလိုက်ရပါသည်။

မောင်ဖြူ (ကြွီတဲကျွန်း)

No comments:

Post a Comment