ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Saturday, August 31, 2024
ရခိုင်ဝေသာလီ ဒုတိယကြေးခေါင်းလောင်းစာ (အေဒီ ၄-၆ ရာစု)
*******************************************
ဒုတိယ ခေါင်းလောင်းစာကို ရခိုင်ပြည်နယ်၊ ဝေသာလီတော်မြို့ဟောင်း၊ အပေါင်တော် ဓာတ်တောင် စေတီတစ်ဆူမှ (၁၉၆၅) ခုနှစ်ခန့်လောက်ကရရှိခဲ့သည်။ ဤခေါင်းလောင်းကို ဆရာကြီး ဦးစံသာအောင်က ဒုတိယ ခေါင်းလောင်းစာ ဟု ရေးသားဖော်ပြခဲ့သည်။
ခေါင်းလောင်းမှာ (အမြင့် ၁၁ စင်တီမီတာ၊ အချင်း အ၀၏အတွင်းဘက် ၉.၉ စင်တီမီတာ) ရှိပါသည်။ ခေါင်းလောင်းမှာ ၂ ပေါင် ကျော်ကျော်ခန့်၊(သို့မဟုတ်) ၆၀ကျပ်သားခန့်ရှိသည်။ ခေါင်းလောင်းအလယ်တွင် စာနှစ် ကြောင်း ရေးထိုးပါရှိသည်။ ပထမစာကြောင်းတွင် စာလုံးရေ(၁၈)လုံးပါရှိပြီး၊ ဒုတိယစာကြောင်းမှာ စာလုံးရေ(၁၄) လုံး ပါရှိသည်။ ရေးထိုးသော ဘာသာစကားမှာ သက္ကတဘာသာစကားဖြစ်ကာ၊ ရခိုင်ဝေသာလီမှရရှိသော ကြေး နီပြားစာပါ လက်ရေးလက်သားနှင့် တူညီကြသည်။
ဆရာကြီး ဦးစံသာအောင်သည် ကြေးခေါင်းလောင်း၌ ရေးထားသော စာများပါ အကြောင်းအရာများ ကို သိလိုသဖြင့် မြန်မာနိုင်ငံမှ ပညာရှင်ပုဂ္ဂိုလ်များကိုလည်းကောင်း၊ အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာနသို့ လည်းကောင်း ဓာတ်ပုံများပေးပို့ကာ အဓိပ္ပာယ်ပြန်ပေးပါရန် မေတ္တာရပ်ခံခဲ့သည်။ သို့သော်လည်း ယနေ့တိုင်အောင် ခေါင်းလောင်းပါ စာများ၏ အဓိပ္ပာယ်ကို အတိအကျ ဖော်ထုတ်နိုင် ခြင်းမရှိသေးဟု ဖော်ပြထားသည်။ ခေါင်းလောင်းတွင်ရေးထိုးပါရှိသော အက္ခရာများကိုကြည့်၍ အိန္ဒိယရှေးဟောင်းသုတေသနဌာန၏ ခန့် မှန်းချက်မှာ (အေဒီ ၆ ရာစု) ၀န်းကျင်ခန့်က ရေးထိုးခဲ့သော စာများ ဖြစ်သည်ဟုသိခဲ့ရသည်။ ယခုအခါ ဤဒုတိယ ခေါင်းလောင်းမှာ စစ်တွေမြို့၊ မဟာကုသလ ဘုန်းတောင်ကြီးကျာင်းတိုက်တွင် ခင်းကျင်းပြသထားသည်။
ကြေးခေါင်းလောင်းပါ စာလုံးများမှာ အောက်ပါအတိုင်ဖြစ်ပါသည်။ (ပုံစာများကိုသာ အတည်ယူကြပါရန်)
နမ ။ မာတာပိတြေားဟိရိတာထေတ္တြကိမာယန္နဓါနယား နာရာယဏာယဒ္ဒတ္တေယံပမရိရပွရား။ [O]>>>
ကျွန်ုပ်သည် ခေါင်းလောင်းပါစာများကို ဆရာ့ဆရာကြီးများထက် တော်တတ်၍ ဘာသာပြန်ခြင်းမဟုတ်ပါ။ မိမိလေ့လာထားသလောက်သော စာပေကျမ်းဂန်၊ အဘိဓာန်ကျမ်းများ၊ သဒ္ဒါကျမ်းများနှင့်ညှိနှိုင်းကာ ရနိုင်သ လောက်သော အဓိပ္ပာယ်ကို ဆီလျော်အောင် ဖော်ပြရမည်ဆိုလျှင် -
ဟိရိ - ကာယဒုစရိုက်၊ ၀စီဒုစရိုက်၊ မနောဒုစရိုက်ပြုရန် ရှက်ခြင်းသဘော၊ တာထေတ္တြ- အမှန်ရှိသော၊ မာတာပိတြေား-အနန္တဂိုဏ်းဝင် ကျေးဇူးရှင် အမိအဖနှစ်ပါးတို့အား၊ နမ- ရှိခိုးပါ၏။ ပမရိရ- မရိရမည်သောအရပ်ကို၊ - ပွရား-အပိုင်စားရသော၊ ကိမာယန္န- မည်သောကျွန်ုပ်သည်၊ ဓာနယား-ဘုန်းတန်ခိုးရှိသော၊ နာရာယဏ-ဘုရားရှင်ကိုယ်တော်မြတ်အား၊(ရည်မှန်း၍)၊ ဍေယဒ်- လှူဖွယ်အစုစုကို၊ ဒတ္တေယ- ဆက်ကပ်လှူဒါန်းပါသည်။ ဟူ၍ ဖြစ်ပါသည်။
ဝေသာလီခေတ်ထိုး ဒုတိယကြေးခေါင်းလောင်းစာတွင် ရေးထိုးထားသောအက္ခရာမှာ ဗြာဟ္မီပွား အက္ခရာ ဖြစ်ပြီး၊ အာ သရ ဖြစ်သော ရေးချ ( -ာ ) ရေးဟန်မှာ သျီရောရေခါတန်းနှင့် တစ်တန်းတည်းထားကာ လက်ယာ ဘက်အောက်သို့ရေးထိုးထားခြင်းမဟုတ်ဘဲ၊ သျီရောရေခါတန်းအထက်တွင် င သတ် ပုံစံ ( -် )ကဲ့သို့ ရေးထိုးထား ထားသည်မှာ အိန္ဒိတောင်ပိုင်းရေးဟန်ဖြစ်နေသည်။ ပထမခေါင်းလောင်းစာမှာ အိန္ဒိယမြောက်ပိုင်း ရေးဟန်ဖြစ်ပြီး၊ ယခုဖော်ပြသော ဒုတိယခေါင်းလောင်းစာမှာ အိန္ဒိယတောင်ပိုင်းရေးဟန်ဖြစ်ပါသည်။
ဥပမာအားဖြင့်ဖော်ပြရသော် ပထမခေါင်းလောင်းစာမှ “ မာတာပိတ” အက္ခရာစာလုံးများကိုရေး ပုံနှင့် ဒုတိယခေါင်းလောင်းစာပါ “ မာတာပိတြေား” အက္ခရာစာလုံးများရေးပုံကို နှိုင်းယှဉ်ကြည့်က သိနိုင်ပါသည်။
ဒုတိယခေါင်းလောင်းစာ၌ပါကြရှိသော ဖော်ပြပါစာလုံးများမှာ - (ကိ ၊ ဒ ၊ ယ ၊ ရိ ၊ ရား ၊ ပ ၊ ပွ ၊ ဟိ ) အက္ခရာရေးနည်း ဗျည်း- သရကပ်ပုံများအရ ( အေဒီ ၄- ၆ ရာစု) အတွင်းက ဟု ခန့်မှန်းရပါသည်။
ယနေ့ မြန်မာနိုင်ငံမြေပေါ်တွင် နေထိုင်ကြသောဗုဒ္ဓဘာသာဝင်လူမျိုးများသည် မိမိတို့ပြုလုပ်သော ကု သိုလ်ကောင်းမှုများကို (မာတာပိတ=အမိအဖ)အား ဦးထိပ်ထား၍ (သို့မဟုတ်) ရည်စူး၍ ရေးထိုးသော အလေ့အ ထ၊ ဓလေ့ထုံးတမ်းသည် လွန်ခဲ့သောနှစ်ပေါင်း ( ၁၅၀၀) ၀န်းကျင်ခန့်က ရှေးခေတ် ရခိုင်ဝေသာလီတွင် စတင်ရေး ထိုးခဲ့ကြသည့် ရေးထုံးတစ်ခုလည်း ဖြစ်နေသည်ကို တွေ့ရသည်။
ဤဝေသာလီ ဒုတိယခေါင်းလောင်းစာပါ ပထမစာကြောင်းမှ အစ သင်္ကေတ ( ) ကို ဆရာကြီး ဦးစံသာအောင် ရေးသားသော (အေဒီခြောက်ရာနှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံးအက္ခရာများ) စာအုပ်၊ (နှာ- ၁၃၃) တွင် “ ဥုံ ” ဟု ထင်ရသော စာလုံးမှာ အနည်းငယ်ပဲ့နေသည်။ ဟု ဖော်ပြခဲ့သည်။
စာရေးသူသည် ထိုဆရာကြီး ဦးစံသာအောင်မှ “ - ဥုံ ” ဟု ဖော်ပြခဲ့သော စာလုံးကို “ ဥုံ ”ဟူ၍ မယူဆပေ။ ရခိုင်ဝေသာလီခေတ်တွင် ကမ္ပည်း ကျောက်စာ၊ အုပ်ချပ်စာ၊ ကြေးပြားစာများရေးထိုးကြရာတွင် စာ၏ အစကို အစဖြစ်ကြောင်း သင်္ကေတတစ်ခုပြပြီး၊ စာ၏ အဆုံးပိုဒ်ကိုလည်း အဆုံးဖြစ်ကြောင်း သင်္ကေတ တစ်ခုဖြင့် အဆုံးသတ်ကာ ရေးထိုးလေ့ရှိခြင်းကြောင့် ဆရာကြီး ဦးစံသာအောင် ဖော်ပြခဲ့သော ( ) သင်္ကေတမှာ “ ဥုံ ” စာလုံးမဟုတ်ဘဲ၊ စာပိုဒ်၏ အစ သင်္ကေတတစ်ခုသာ ဖြစ်ကြောင်း မှတ်ချက်ပြုလိုပါသည်။
ရခိုင်ဝေသာလီမှ တွေ့ရှိရသော ကြေးခေါင်းလောင်းစာနှစ်ခု၌ ပထမခေါင်းလောင်းစာမှာ အိန္ဒိယမြောက် ပိုင်း စာရေးဟန်ဖြစ်ပြီး၊ ယခုဖော်ပြသော ဒုတိယခေါင်းလောင်းစာမှာ အိန္ဒိယတောင်ပိုင်း ရေးဟန်ဖြစ်နေကြသည်။
ထို့ကြောင့် ရခိုင်ဝေသာလီသို့ စာရေးခြင်းအတတ်ပညာမှာ အိန္ဒိယပြည်နှင့် ရေပြင် တစ်ဆက်စပ်တည်း ဖြစ်သော ရေလမ်းမှလည်းကောင်း၊ နယ်မြေ တစ်ဆက်စပ်တည်းတည်ရှိနေခြင်းကြောင့် ကုန်းလမ်းမှလည်းကောင်း ၀င်ရောက်ခဲ့ကြောင်း ယူဆရသည်။
ဒုတိယခေါင်းလောင်းစာပါ အာ သရ ( -ာ) ရေးထုံးမျိုးကို ရခိုင်ဝေသာလီမှ တွေ့ရှိရသော ၀ီရစန္ဒြမင်း ကျောက်စာ၊ကြေးနီပြားစာ၊ အိုးထိန်းကျောက်စာ(မြောက်ဦးပြတိုက်) တို့တွင် တွေ့ရပါသည်။
ကွန်ပျူတာဖောင့်အခက်အခဲကြောင့် ပုံစာများကိုသာ အတည်ယူကြပါရန် တင်ပြအပ်ပါသည်။
မောင်ဖြူ (ကြွီတဲကျွန်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment