Wednesday, April 11, 2018

ဒုတိယ သင်္ဂါယနာ

ဒုတိယ သင်္ဂါယနာ
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

{{{{{{အဇာတသတ်မင်းသည် ဘုရားရှင်ပရိနိဗ္ဗာန်မ၀င်မီ ရှစ်နှစ် ပရိနိဗ္ဗာန်ဝင်ပြီး နှစ်ဆယ့်လေးနှစ် စုစုပေါင်း သုံးဆယ့်နှစ် နှစ် မင်းပြုပြီးနောက် သက်တော်လေးဆယ့်ရှစ်တွင် သားတော်ဥဒယဘဒ္ဒ လုပ်ကြံ၍ သေလေသည်။ ထိုဥဒယဘဒ္ဒမင်းလည်း မင်းပြု၍ တစ်ဆယ့်ခြောက်နှစ်အကြာတွင် သားတော်အနုရုဒ္ဓါ က တစ်ဖန်လုပ်ကြံသတ်ဖြတ်ကာ မင်းပြုလေသည်။ ထိုအနုရုဒ္ဓါမင်းကိုလည်း ၄င်း၏သား မုဏ္ဍလုပ်ကြံ၍ မင်းပြုသည်။ သာသနာသက္ကရာဇ် (၄၈) နှစ်ကို ရောက်သောအခါ မုဏ္ဍမင်း၏ သားတော် နာဂါဒသ သတ်၍ မင်းပြုပြန်သည်။ နာဂဒသ မင်းစည်းစိမ် နှစ်ဆယ့်လေးနှစ် သာသနာသက္ကရာဇ် (၇၂) ခုနှစ်ရောက်သောအခါ လိမ္မာသော မှူးမတ်ပြည်သူတို့သည် အဇာတသတ်မင်းငါးဆက်ကို ဖြတ်၍ သုသုနာဂ အမတ်ကြီးကိုမင်းမြှောက်ကြလေသည်။

သုသုနာဂဆိုသည်မှာ ဝေသာလီပြည်သားဖြစ်လေသည်၊ အဇာတသတ်မင်းသည် ရာဇဂြိုလ်ပြည်မှ ဝေသာလီပြည်ကို စစ်ထိုးရာချိန်တွင် သုသုနာဂမှာ အသက်ခုနစ်နှစ်မျှသာရှိသေးသည

် ။အဇာတသတ်မင်းသည် ဝေသာလီပြည်လုံးကို စစ်ချီသည့်အခါ အလိုရှိသမျှသော လူသူဘဏ္ဍာကို ရာဇဂြိုလ်ပြည်သို့ ယူဆောင်လေသည်။ထိုအထဲတွင် ရာဇဂြိုလ်ပြည်အမတ်ကြီးတစ်ဦးသည် သုသုနာဂ ကို ကောက်ယူ၍ သားအဖြစ်ဖြင့် မွေးစားသူဖြစ်သည်။ သုသုနာဂအရွယ်ရောက်သောအခါ အလွန်လိမ္မာ၏ ပညာလည်းတော်၏၊ သတ္တိလည်းကောင်း၏၊ ဥာဏ်လည်းထက်မြက်၏၊ အကျင့်သီလနှင့်လည်း ပြည့်စုံ၏၊ မွေးစားအဖ မင်း ကံကုန်လျှင် ဖခင်အရာဖြစ်သော စစ်သူကြီး အဖြစ်ကိုရောက်လာသူဖြစ်သည်။ထိုသုသုနာဂစစ်သူကြီးသည် ဘုန်း၊ပညာ၊ သီလ၊ နှင့်ပြည့်စုံသောကြောင့် ပြည်သူပြည်သားတို့က အလွန်ကြည်ညိုသည်ဖြစ်၍ အဖသတ်မင်းငါးဆက်ကို ဖျောက်၍ သုသုနာဂစစ်သူကြီးကို ရာဇဂြိုလ်ပြည် နှင့် ဝေသာလီပြည် နှစ်ပြည်ထောင်မင်းအဖြစ် တင်မြှောက်ကြသည်။ သုသုနာဂမင်းမှာ ဝေသာလီပြည်တွင် နေတော်မူ၏။ ထိုမင်းသည် မင်းစည်းစိမ်(၁၈) နှစ် သာသနာသက္ကရာဇ် ကိုးဆယ်ပြည့်ရောက်သောအခါ ကြမ္မာကုန်၍ ၄င်း၏သား ကာဠသောက မင်းဖြစ်လေသည်။ထိုမင်း ကာဠာသောကမင်း နန်းစံဆယ်နှစ်ရောက်သောအခါ ဒုတိယ သင်္ဂါယနာတင်တော်မူသည်။
သာသနာနှစ်(၁၀၀) ရောက်သောအခါ ဝေသာလီပြည်၌ ၀ဇ္ဇီတိုင်းသား ရဟန်းတို့သည် ၀ိနည်းကျမ်းဂန်ကို ဆရာ့ထံမှ နည်းခံခြင်းမရှိ၊ လောဘ မောဟထူပြော၍ မသူတော်တို့၏ စရိုက်ကို နှစ်ခြိုက်ကြသောကြောင့်လည်းကောင်း၊ ၀ိနည်းအမှန်ကို ပျက်ပြားစေ၍ ဆယ်ပါးသောအဓမ္မအမှုကို ထင်ရှားစွာ ပြုကြကုန်လေသည်။

ထိုအဓမ္မဆယ်ပါးမှာ
1။ ယမန်နေ့ က အကပ်ခံပြီးသော ယာဝဇီဝက၀တ္ထုကို နောက်နေ့အကပ်ခံသော ယာဝကာလိက နှင့်ရော၍ သုံးဆောင်သော် သန္နိဓိပါစိတ်သင့်သည်ဟု ပညတ်ပါသည်။သားချိုဖြင့် သိုမှီး၍ထားသော အကပ်ခံပြီးဆားကို နောက်နေ့ အခါ ဆွမ်းစသည်နှင့်ရော၍ သုံးဆောင်ခြင်းငှါ အပ်၏ ။ သန္နိဓိ မဖြစ်ဟူ၍ ယူသည်လည်းတစ်ပါး။

2။ နေရိပ်လက်နှစ်သစ် မွန်းလွဲသည့်တိုင်အောင် ဆွမ်းစားကောင်း၏ ဟူ၍လည်းတစ်ပါး။
3။ ရွာတစ်ပါးသို့ သွားလိုသောရဟန်းသည် ပ၀ါရိတ် သင့်လျှက် အတိရိက် ၀ိနည်းကံမပြုဘဲ ဆွမ်းစားခြင်းသည် အပ်၏ ဟူ၍လည်းတစ်ပါး။
4။ တစ်သိမ်တည်း၌ နှစ်စု သုံးစု သံဃာနေလျှက် ဥပုသ် ပ၀ါရဏာ စသော ကံပြုခြင်းသည် အပ်၏ ၀ဂ်မဖြစ်ဟု ယူသည်လည်း တစ်ပါး။
5။ မလာသေးသော ရဟန်းတို့အလိုကို လာသောအခါ ယူအံ့ဟူ၍ မလာမီက သံဃကံပြုခြင်းမှာ အပ်သည်ဟု ယူသည်လည်းတစ်ပါး။
6။ ဥပဇ္ဈာယ်ဆရာတို့၏ အလေ့အကျင့်ဟူသမျှတို့သည် ကျင့်အပ်၏ဟု ယူသည်လည်းတစ်ပါး။
7။ နို့ရည်အဖြစ်ကိုလွန်၍ နို့ဓမ်းအဖြစ်သို့ မရောက်သေးသောနို့ကို ဘုန်းပေး၍ ပ၀ါရိက် သင့်သော ရဟန်းသည် အတိရိက် ၀ိနည်းကံမပြုဘဲ သုံးဆောင်ခြင်းငှါ အပ်ဒ၏ဟု ယူသည်လည်းတစ်ပါး။
8။ မရင့်သေးသော သေနုကို သောက်ခြင်းငှါ အပ်၏ဟု ယူသည်လည်းတစ်ပါ။
9။ အဆာမရှိသော နိသီဒိန်သည် အပ်၏ဟု ယူသည်လည်းတစ်ပါး။
10။ သံဃာကိုရည်စူး၍ လှူသော ရွှေငွေတို့ကို ယူအပ်သည်ဟု ယူသည်လည်းတစ်ပါး။
ဤဆယ်ပါးသော အဓမ္မ၀ါဒကို ပြုကြကာ ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာကြသဖြင့် သာသနာညှိုးနွမ်း လာမည်ကို အကြောင်းပြုပြီး ဒုတိယသင်္ဂါယနာ ကို တင်ကြရခြင်းဖြစ်ပါသည်။

ကောသမ္ဗီပြည်၌ နေသော ကာကဏ္ဍက ပုဏ္ဏား၏သား အရှင်ယဿသည် ရဟန်းတို့၏ ပါမောက္ခ သံဃာထေရ်ဖြစ်၏ ။ အရှင်ယဿသည် ထိုအကြောင်းကိုကြားသော် ဝေသာလီ အလဇ္ဇီရဟန်းတို့သည် ဘုရားရှင်၏၀ိနည်းတော်ကိုဖျက်၍ သာသနာကို ပျက်ရာပျက်ကြောင်း ပြုနေကြပြီ၊ ဤ အလဇ္ဇီရဟန်းတို့သည် အသင်းအပင်းများစွာရသော် သာသနာသည်လျှင်မြန်စွာ ကွယ်လတ္တံ့ ဟု ဓမ္မသံဝေဂ ဖြစ်ကာ ဝေသာလီပြည်သို့မိမိကိုယ်တိုင်လာ၍ ရောက်သော် ဘုရားရှင် သီတင်းသုံးနေထိုင်ခဲ့ဘူးသော မဟာကူဋာဂါရ၌ နေ၍ ထိုပုဂ္ဂိုလ်တို့၏ အမူအရာကို စောင့်ကြည့်ရှုသည်။ထိုအခါ ၀ဇ္ဇီတိုင်းသားရဟန်းတို့သည် ဥပုသ်နေ့၌ ရေဖြင့်ဖြည့်ထားသော ကြေးခွက်ကြီးကို ထား၍ ရောက်လာသမျှသော တကာ၊တကာမတို့အား တတ်စွမ်းသမျှ မူးစ မတ်စ အသပြာတို့ကို လှူကြကုန်၊ထည့်ကြကုန် တစ်စုံတစ်ခုသော သံဃာကိစ္စအလိုငှါ ဖြတ်လတ္တံ့ ဟု ဆို၍ အလှူခံယူကြကိုမြင်လျှင် ရဟန်းတို့အားလည်းကောင်း တကာ/တကာမတို့အားလည်းကောင်း အချင်းတို့ ဤသို့ပြုခြင်းသည်မအပ်စပ်ဟု တားမြစ်သော် လိမ္မာသော ရဟန်း၊တကာ၊တကာမများက ရှောင်ရှားနောက်ဆုတ်ကြကုန်၏၊ တစ်ချို့ရဟန်းတို့က အရှင်မဟာယဿအား မပေါင်းဖေါ် မဆက်ဆံကြနှင့်ဟု ဥက္ခောနိယ ကံထား၍ ပယ်ရှားကြကုန်၏။ ယင်းသို့ပယ်ရှားလေလျှင် အရှင်မဟာယဿလည်း မိမိသည် ဓမ္မ၀ါဒီတစ်ပါးဖြစ်ကြောင်းကို ရဟန်းတို့အား ပြခဲ့၍ အလဇ္ဇီရဟန်းတို့ကို နှိမ်နှင်းခြင်းငှါ အားထုတ်လေသည်။

ထိုအကြောင်းကိုသိလျှင် အလဇ္ဇီရဟန်းတို့က အရှင်မဟာယဿ ရှိရာ ကျောင်းတော်သို့လာ၍ တုတ်၊ တောင်ဝှေးတို့ကိုင်ကာ ၀န်းရံကြ၏။ အရှင်မဟာသဿလည်း စတုတ္ထဈာန် ၀င်စားပြီးလျှင် ကောင်းကင်ဖြင့်ပျံ၍ ကောသမ္ဗီပြည်သို့ကြွသွား၏။ ကောသမ္ဗီပြည်သို့ရောက်သော် သံဃာတော်တို့နှင့် စုရုံးတိုင်ပင်၍ ပါဝေယျကတိုင်း၊ အ၀န္တိတိုင်း၌ နေကြကုန်သော ရဟန်းတို့ထံ တမန်စေလွှတ်၏။ အသီးသီးသော တိုင်းနိုင်ငံတို့၌ နေထိုင်သီတင်း သုံးနေကြသော ရဟန္တာအရှင်မြတ်တို့အထံသို့လည်း တမန်စေလွှတ်၏။ မိမိလည်း အဟောဂင်္ဂါမည်သော တောင် သို့သွား၍ ထိုတောင်တွင်သီတင်းသုံးနေသော သမ္ဘူတထေရ်အား အကြောင်းများကိုပြောပြကာ သံဃာများ အစည်းအဝေးကို ခေါ်ယူလေသည်။ ပါဝေယျကတိုင်းနေ ရဟန်းခြောက်ကျိပ်တို့သည်လည်းကောင်း၊ အ၀န္တိတိုင်း နေသော ရဟန်းရှစ်ကျိပ်တို့သည်လည်းကောင်း၊အခြား ကိုးသောင်းသောရဟန်းတို့သည် အဟောဂင်္ဂါသို့ ကြွလာ ကြပြီး စည်းဝေးကြသော် သောရေယျတိုင်း၌နေသော ရေ၀တမထေရ် အထံသို့ တဖန်ကြွလာကြ၍ ခြင်းရာစကား ကိုလျောက်ကြားပြီး သင်္ဂါယနာတင်ခြင်းငှါ ဝေသာလီပြည်သို့ ကြွလာကြသည်။ ၀ဇ္ဖီတိုင်းသား အဓမ္မ၀ါဒီရဟန်း တို့သည် သံဃာတော်များကြွလာကြောင်းသတင်းကိုကြားသော် ကာဠာသောကမင်းထံဝင်၍ ပြည်ရှင်မင်းကြီး၊ ငါတို့၏ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား၏ကိန်းဝပ်တော်မူရာ မဟာဝုန်တော- ကူဋာဂါရကို စေတီကြီး ထင် မှတ်လျှက် ကိုးကွယ်လျှက်နေကြသည်ကို အာဂန္တုတိုင်းသား ရဟန်းတို့သည် ငါတို့အား နှိပ်စက်၍ အနိုင်ယူဖို့ လာကြောင်း သတင်းကြားသိရပါသည်။ဤ အခြင်းအာကို မင်းကြီးတားမြစ်မှ ငါတို့ချမ်းသာရာ ရတော့မည်၊ ဂန္ဓကုဋီလည်း မပျက်စီးရှိချေတော့မည်ဟု ပြောဆိုလေသည်။ ကာဠာသောကမင်းလည်း မဆင်မခြင် အလဇ္ဇီ ရဟန်းတို့၏စကားကို ယုံမှတ်၍ အမတ်တို့ကို ရဲမက်ဗိုလ်ပါနှင့် သွား၍ တိုင်းတပါးသားရဟန်းတို့အား တားမြစ်ကြ ကုန်။ တားမြစ်၍မရသော သံဃာတို့အား မင်းအာဏာဖြင့် ရိုက်ပုတ်လေကုန်ဟု အာဏာထားကာစေလွှတ်လိုက်လေသည်။
ထိုနေ့ညဉ့် တွင် ကာဠာသောကမင်း အိပ်မင်မြင်သည်ကား ကြီးမားကြမ်းကြုတ်သော ဘီးလူတစ်ကျိပ်တို့သည် ထီးဖြူရိပ်၌ နေသောမင်းကို ဆွဲငင်၍ မြို့ပြင်သို့ရောက်သောအခါ အလျှံပြောင်ပြောင်တောက်နေသော လောဟကု မ္ဘီငရဲအိုးသို့ ဇောက်ထိုးချဖို့ ရွည်ရည်သည်ကို မြင်မက်လေသည်။ နံနက်လင်းသောအခါ မင်းဆရာပုဏ္ဏားတို့ကိုခေါ်ယူတိုင်ပင်သော်လည်း အိပ်မက်နမိတ်ကို မဖတ်သောကြောင့် စားတော်မခေါ်နိုင်ဘဲရှိလေသည်။ ထိုအကြောင်းကို ကာဠာသောကမင်း၏ နှမတော်ဖြစ်သော အာသဝေါကင်းပြီးသော နန္ဒထေရီဘိက္ခူနီမ သိလေလျှင် ကာဠာသောကမင်းကြီးအား ဤသို့ဆို၏။ မောင်တော်မင်းကြီး အလွန်ကြီးလေးသောအမှုကို ပြုဘိသည်တကား အဓမ္မ၀ါဒီတို့၏စကာကိုယုံ၍ ရဟန်းကောင်းတို့ကို နှိပ်စက်ခြင်းငှါ ကြံမိလေပြီ။ ဤကံအမှုသည် ဧကန်အထမြောက်အံ့ အမှန်လောဟကု မ္ဘီငရဲသို့ လားရလတ္တံ့သော ပုဗ္ဗနမိတ်ပင်တည်း။လျင်မြန်စွာ ဓမ္မ၀ါဒီ ရဟန်းတို့အား ပူဇော်ကန့်တော့လော့ဟု ဆိုလေသည်။
ထိုစကားကိုကြားသောအခါ ကာဠာသောကမင်းကြီးသည် မင်းအာဏာထားမိသည်ကို သတိရ၍ မိမိကိုယ်တိုင် မဟာဝုန်တောသို့သွားကာ ကုဋာဂါရသို့ ရောက်လာသမျှသော သံဃာတော်တို့ကို စည်းဝေးစေ၏။ နှစ်ဖက်သော သံဃာတို့ စည်းဝေးမိသောအခါ ၀ိနည်း ၊ကဌကထာနှင့် ၀ါဒနှစ်ခုကို တိုက်ဆိုင်မိသော် ၀ဇ္ဇီတိုင်းသားတို့၏ ၀ါဒသည် မညီမျှ အဓမ္မ၀ါဒီဖြစ်ကြောင်း ကိုသိရကာ၊ အရှင်မဟာယသဿရဟန်းတို့အုပ်စုသည် ဓမ္မ၀ါဒီဖြစ်ကြောင်းသိရလေသည်။ ဓမ္မ၀ါဒီရဟန်းတို့ မရှိစေရန် အစောင့်အရှောက်များစွာထား၍ နန်းတော်သို့ပြန်လေသည်။အရှင်ရေ၀တထေရ်နှင့် သဗ္ဗကာမိထေရ် အရှင်နှစ်ပါးတို့သည် ဘုရားပညတ်တော်ကိုဟောပြ၍ ဥဗ္ဗာဟိကကံဖြင့် ထိုဆယ်ပါးသော အဓမ္မ၀တ္ထုကို ပယ်လှန်၍ တရားမှန်၌သာ တည်စေပြီးမှ မင်းကြီးအား သင်္ဂါယနာတင်လိုသော အကြောင်းကို ပြောကြားလေသည်။ မင်းကြီးလည်းသဘောတူကာ သံဃာတော်တို့ စည်းဝေးခြင်းငှါ ကြီးကျယ်သော မဏ္ဍာပ်ကိုလည်းကောင်း၊ ကိန်းဝပ်ရာ ကျောင်းတော်ကိုလည်းကောင်း၊ ကောင်းစွာဆောက်လုပ်လှူဒါန်းသည်။ထိုကျောင်းအရပ်သည် ခပ်သိမ်းသော ငွေပြားခင်းဘိသကဲ့သို့ သန့်ရှင်းဖြူစင်သောသဲတို့ဖြင့် ကြဲဖြန်းသောကြောင့် ၀ါလိကာရုံ ဟု ခေါ်တွင်သည်။ တရားဆုံးဖြတ်ပြီးလျှင် သံဃာတော်တို့လည်း ၀ါလိကာရုံကျောင်းတိုက်သို့လာ၍ ပဋိသမ္ဘိဒါပတ္တ ခီဏာသ၀ ဖြစ်သော ရဟန္တာ(၇၀၀) ကို ရွေးချယ်ပြီးမှ အရှင်မဟာ ကဿပတို့ ပထမ သင်္ဂါယနာတင်သကဲ့သို့ ပိဋကတ်သုံးပုံကို အကုန်ထပ်မံ၍ (သင်္ဂါယနာ တင်ပြန်ကုန်၏။ ) ထိုသင်္ဂါယနာကား ရှစ်လမြောက်မှ ပြီးဆုံးသတည်း။

အဓမ္မ၀ါဒီ အလဇ္ဇီရဟန်း တစ်သောင်းတို့သည် ပြေးကုန်၏။ အချို့လည်း လူထွက်ကုန်သည်။ အချို့လည်း ထပ်၍ ရဟန်းပြုပြန်သည်။ ဤဒုတိယသင်္ဂါယနာတင်ရာ၌ သံဃာထေရ်ကြီးများဖြစ်သော သက်တော်(၁၂၀)ရှိသည့် ရေ၀တရဟန္တာမထေရ်၊ သဗ္ဗကာမိရဟန္တာမထေရ်၊ သောဠရဟန္တာမထေရ် ၊ ခုဇ္ဇသောဘိတရဟန္တာမထေရ်၊ မဟာယဿရဟန္တာမထေရ်၊ သမ္ဘူလရဟန္တာမထေရ် ၊ ခြောက်ပါးသော မထေရ်ကြီးတို့သည် အရှင်အာနန္ဒာ၏ သဒ္ဓီဝိဟာရိက တပည့်တို့ဖြစ်ကြပြီး ဘုရားသခင်ကို ဖူးမြင်လိုက်ရသော မထေရ်များဖြစ်ကြသည်။ ၀ိသကဘဂါမိမထေရ်၊ သုမနမထေရ်၊ ဤမထေရ်နှစ်ပါးတို့သည်လည်း ဘုရားရှင်ကို သက်ရှိထင်ရှားဖူးမျှော်လိုက်ရသော မထေရ်များဖြစ်ကြပြီး အရှင်အနုရုဒ္ဓါ၏ သဒ္ဓီဝိဟာရိက တပည့်တို့ဖြစ်ကြသည်။

ထေရ၀ါဒ ဟိနာယာန ဒုတိယ သင်္ဂါယနာ တင်ရခြင်း အကြောင်းရင်း
===================================
ဒုတိယ သင်္ဂါယနာ တင်သည့် ခုနှစ် - သာသနာနှစ် (၁၀၀)နှစ် (၄၄၄ဘီစီ)
သင်္ဂါယနာတင်သည့် နေရာ - ၊ ဝေသာလီပြည်၊ (အိန္ဒိယနိုင်ငံ ရူပီပြည်နယ် )၀ါလိကာကျောင်း(၀ါ)
ဝါလိကာရုံကျောင်း
ဦးဆောင်သံဃာ - အရှင်ယဿမထေရ် ၊
အမေးပုစ္ဆက အရှင်ရေ၀တမထေရ် ၊
အဖြေ ၀ိသဇ္ဇက အရှင်သဗ္ဗကာမိမထေရ် ။
ဝါ၀င်သည့် သံဃာဦးရေ - (၇၀၀) ပါး ၊
အထောက်အပံ့ပြုသည့် ဘုရင်မင်း - ကာဠာသောကမင်း
ကြာမြင့်ခဲ့သည့်အချိန် - (၈) လ
တင်သည့်ဘာသာ - ပါဠိဘာသာ
တင်သည့်အက္ခရာ - နှုတ်ထက်အက္ခရာ

ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယဿထေရ်မှ ဦးဆောင်ပြီး အရှင်ရေ၀တနှင့် အရှင် သဗ္ဗ ကာမိ နှစ်ပါးမှ အမေးအဖြေများ ပြုလုပ်စိစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ သံဃာထု ၊ကာဠာ သောက မင်း၏ မင်းထုနှင့် ပြည်သူလူထု၏ အကူအညီရယူပြီး ထု(၃)ထု ပူးပေါင်းပြီး ရဟန်းပျက်များအား စိစစ်ခဲ့ရာမှ ရဟန်း ပျက်ပေါင်း(၁၀၀၀၀)ကျော်အား နှင်ထုတ်ခဲ့ရသည်။ တိုင်းပြည်မှ နှင်ထုတ်လိုက်သော ရဟန်းပျက် (၁၀၀၀၀)ကျော် တို့သည် ဟိမ၀န္တာတောင် ခြေဖက်သို့ ရောက်သွားခဲ့ပြီး ၎င်းနေရာရှိ မင်းတစ်ပါးမှ သနားခိုလှုံခွင့်ပေးလိုက်သည်။ ၎င်းရဟန်းပျက်တို့သည်လည်း ပိဋကတ်တော်များတွင် ပြင်ဆင်ထည့်သွင်းကာ သင်္ဂါယနာကို စင်ပြိုင်တင်ခဲ့ကြ သည်။
ထိုဂိုဏ်းကွဲ “မဟာသံဃိကဂိုဏ်း” ပထမ သင်္ဂါယနာတွင်

(က) နိကာယ်တစ်ခုမှ သုတ်တော်ကို နိကာယ်တစ်ခုသို့၎င်း ၊
(ခ) ဇာတ်ဝတ္ထုများကို ၀ိနည်းပိဋကတ်တော်သို့၎င်း၊
(ဂ) သုတ္တန်များကို အဘိဓမ္မာပိဋကတ်သို့၎င်း ရွေ့ပြောင်းခြင်းကို ပြုကြကုန်၏။
(ဃ) ပါဠိတော်ကို လိုသလိုပြင်ဆင်ခြင်း ၊
(င) အနက်အဓိပ္ပါယ်များကို တလွဲတချော် ဖွင့်ဆိုကြခြင်း ၊
(စ) တိုက်ရိုက်ယူရမည့်ဟာကို သွယ်ဝိုက်၍ယူခြင်း၊
(ဆ) သွယ်ဝိုက်၍ ယူရမည့်ဟာကို တိုက်ရိုက်ယူခြင်း၊
(ဇ) စကားတစ်ခု အရိပ်အမြွက် ရရုံမျှဖြင့် စုံလင်စွာ ညှိနှိုင်းမှုမပြုဘဲ မိမိလိုရာရောက်အောင် ဆွဲယူခြင်းတို့ကို ပြုခဲ့ကြသည် ။ တစ်နည်း ပထမသင်္ဂါယနာတင်ခဲ့သော အချက်အလက်များကို ထွားထွားညက်ကြေအောင် ပြောင်းလဲကာ သင်္ဂါယနာတင်ခဲ့ကြသည်ဟု ဆိုသည်။
တဖန်
(ဈ) သင်္ကန်းဝတ်ပုံများကို တီထွင်ခြင်း၊
(ည) ရဟန်းပရိက္ခာများကို တီထွင်ခြင်း၊
(ဋ) နေထိုင်စားသောက်ပုံကို ပြောင်းလဲခြင်း၊
(ဌ) ကံကြီးကံငယ်ောဆင်ပုံ ကွဲပြားစေခြင်း၊ ဟူ၍ အသွင်အပြင် များစွာ ကွဲပြားလေရာ ဗုဒ္ဓ၏ ပဋိမာ(ဘုရားရှင်ပုံတော်တို့၏ အသွင်အပြင်များကိုပါ ပြောင်းလဲယူကြသည်။
၎င်းတို့သည် သံဃာဦးရေများပြားကာ အင်အားကြီးမားသဖြင့် “မဟာသံဃိကဂိုဏ်း” မဟာယာန ဂိုဏ်း ဟု ခေါ်ဆိုကြပြီး ၊ ဝေသာလီ၌ ကျန်ရှိ ခဲ့ကြသော ရဟန္တာများအဖွဲ့အား “ဟိနယာနဂိုဏ်း” သေးငယ် သောအဖွဲ့ဟု ခေါ်တွင်ခဲ့ကြသည်။ ထိုအခါမှစ၍ ထေရ၀ါဒ ဟိနာယာနဂိုဏ်း၊ မဟာယာနဂိုဏ်း ဟု ဂိုဏ်းပေါ်ပေါက်လာသည်။

ပုံ ဒုတိယသင်္ဂါယနာတင်သည့်နေရာ

ကျမ်းကိုး
=======

ကျီးသဲလေးထပ်ဆရာတော် ၊မြန်မာပြန် သီဟိုရာဇ၀င်-ဇမ္ဗူဒီပစာတမ်း ၊ပညာရွှေအိုးစာပေ၊1993-ဒီဇင်ဘာ
သာသနာနှစ်ထောင့်ငါးရာ၊မောင်အံ့
အိန္ဒိယပြည်ဗုဒ္ဓသာသနာသမိုင်း၊ ဦးမြင့်ဆွေ-မဟာဝိဇ္ဇာ လန်ဒန်
ဗုဒ္ဓသာသနာ၊ဦးနု
မောင်တောမဂ္ဂဇင်း(၀တီထွန်း)

-----------------------------
မောင်ဖြူ (ကြွီတဲကျွန်း)
အယနာစာပီအဖွဲ့ (ရန်ကုန်)

No comments:

Post a Comment